ဇန်နဝါရီ ၃ – ၂၀၂၅
SS (VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မြို့အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲဒီနေရာ သုံးနေရာမှာဆိုရင် ကားအစီးရေ လေး၊ ငါးရာလောက် ရှိမှာပေါ့။ နယ်ကားလေးတွေပေါ့။ သုံးဘီးတို့၊ လိုက်ထရပ်တို့ အဲဒီလိုကားလေးတွေပါ။ ရေစကြို၊ ပေါက်၊ မြိုင် အဲဒီဘက်က ကားလေးတွေပါ။ နှစ်ရက်ရှိပြီ ပိတ်မိနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ မြို့ရှောင်လမ်း၊ စက်မှုဇုန်၊ ဧရာဝတီတံတားတွေကို နစက က ပိတ်ထားပြီး လုံခြုံရေးတင်းကြပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပခုက္ကူမြို့မှာ လွပ်လပ်ရေးနေ့ အခမ်းအနားတွေ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လမ်းခဏ ပိတ်ထားတာပါ။ အခမ်းအနားပြီးသွားရင်တော့ လမ်းတွေပြန်ဖွင့်ပေးမှာပါ” လို့ ပြောပါတယ်။
အခုလို အထွက်လမ်းတွေ ပိတ်ထားတဲ့အတွက် ခရီးသည်တွေ၊ ကုန်စည်တွေ၊ ဆေးထိုးရမယ့် ကလေးသူငယ်တွေ အကုန် ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
“အခုလိုပိတ်ထားတော့ နယ်ဘက်ကကားတွေလည်း အဝင်မရှိဘူး။ ကုန်စည်ပြတ်တောက်သွားတယ်ပေါ့။ အခုက အဝင်ကိုလက်ခံတယ်။ အထွက် လက်မခံဘူး။ အထွက်မရတော့ လူတွေက မလာတော့ဘူးလေ။ နယ်ဘက်က သီးနှံကုန်တွေရော ဘာမှမလာတော့ဘူး။ မနေ့က သံဃာကားတွေတော့ ထွက်ခွင့်ပေးတယ်။ ကျန်တဲ့ကားတွေတော့ ထွက်ခွင့်မပေးဘူး” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ အခြေအနေကြောင့် လမ်းခရီးမှာ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအတွက် အခက်တွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
“အခု တချို့ကတော့ နီးစပ်ရာတွေ၊ ဘုန်းကြီးကျောင်းတွေ သွားအိပ်ကြတယ်။ အသိမရှိတဲ့သူတွေကတော့ ဂိတ်နားလေးတွေ အိပ်ကြတယ်။ မနေ့ညက ဖြစ်စဉ်ပေါ့။ ဧရာဝတီတံတား တောင်ဘက်မှာ ညအိပ်ကြရတာ။ စားရေးသောက်ရေး အခက်အခဲကတော့ ရှိတာပေါ့။ အခုက နယ်ကလာတဲ့သူ အတော်များများက တောင်သူတွေများတယ်။ နောက် ဈေးဝယ်၊ ဆေးခန်းပြပေါ့။ အဲဒီလိုလူတွေများတယ်” လို့ သူက ပြောပါတယ်။
ပခုက္ကူမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့က ပခုက္ကူ စက်မှုဇုန် (၁) လမ်းမှာ နစက ကားတစီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သလို ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း မြို့ရှောင်လမ်းမှာ နစက ကားတစီး တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...