မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅
မျိုးဆက်(VOM)
ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူတို့နှစ်နိုင်ငံအကြား စစ်ရေးအပါအဝင် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ရေးပါဝင်တဲ့ ဒီသဘောတူညီချက်ကို ပူတင်နဲ့ အီရန်သမ္မတတို့က ရုရှားသမ္မတအိမ်တော်မှာ တွေ့ဆုံပြီး လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
နှစ် ၂၀ မဟာမဗျူဟာမြောက် သဘောတူညီချက်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးအတွက် ထပ်လောင်းတွန်းအားဖြစ်စေတယ်လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။ စာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးပိုမို နီးကပ်စေတယ်လို့ အီရန်သမ္မတက ဆိုပါတယ်။
ဒါအပြင် နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရပြီဆိုရင် ကျန်တနိုင်ငံက ရန်လိုသူကို စစ်ရေးအကူအညီမပေးရဘူးဆိုတဲ့ အချက်လည်းပါဝင်နေပါတယ်။ သဘောတူချက်ထဲမှာတော့ မြောက်ကိုရီးယား၊ ဘီလာရုစ်တို့နဲ့ ချုပ်ဆိုခဲ့တဲ့နည်းတူ စစ်ရေးတိုက်ရိုက်အကူအညီပေးရေးဆိုတာမျိုးတော့ ဖော်ပြထားတာမရှိပါဘူး။
ရုရှားနဲ့ အီရန်အကြား အခုလို မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေကတော့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်ဆီကနေ ဒရုန်းနဲ့ အခြားလက်နက်တွေ ဝယ်ယူခဲ့တယ်လို့ အနောက်နိုင်ငံတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:NHK
Photo:Reuters