ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေ တဆင့် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့မိမြို့ဖတွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတွေ၊ စက်သုံးဆီလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပြီး စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ စက်သုံးဆီရောက်ရှိလာစေရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
“အဓိကကတော့ ဆီဝယ်ယူနေတဲ့ ကိစ္စတွေပေါ့။ အမြန်ဆုံးရောက်ရှိလာနိုင်ဖို့ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲ။ ရောက်လာခဲ့ရင် ဘယ်လိုဈေးနှုန်းတွေ သတ်မှတ်ရောင်းချကြမလဲဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ပါတ်ထဲမှာတော့ တာချီလိတ်ကို ရောက်လာမယ်လို့ မှန်းထားပါတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
ထိုင်းနိုင်ငံကနေ စက်သုံးဆီတင်ပို့မှုရပ်ဆိုင်းထားတာကြောင့် စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနဲ့ ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နဲ့ Golden Gate Energy Co,Ltd တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေတဆင့် တာချီလိတ်မြို့ကို သယ်ယူနိုင်ဖို့ တာချီလိတ်မြို့စက်သုံးဆီလုပ်ငန်းရှင်များအသင်းနဲ့ ပေါင်းစပ်ပြီး စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီစက်သုံးဆီတွေရောက်ရှိလာပါက 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာကို ဒေသသုံး ထိုင်းဘတ်ငွေ ၃၆ ဘတ်(၄၄၀၀ကျပ်ဝန်းကျင်)၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာကို ၃၇ ဘတ်(၄၈၀၀ကျပ်ဝန်းကျင်)၊ HSD ဒီဇယ် ၁ လီတာကို ၃၃.၅ ဘတ်(၄၃၅၀ကျပ်ဝန်းကျင်)၊ ပရီမီယမ် ဒီဇယ် ၁ လီတာကို ၃၇.၅ ဘတ် (၄၉၀၀ကျပ်ဝန်းကျင်)နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg