ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ့် နစကကို သက်တမ်းတိုး၊ မတိုးဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတွေ စောင့်မျှော်နေ

ဇန်နဝါရီ ၃၁ – ၂ဝ၂၅
KKO(VOM)
ဒီနေ့ညနေ ကာ/လုံအစည်းအဝေးကနေ ထုတ်ပြန်မယ်ဆိုတဲ့ နစကကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို နိုင်ငံရေးစိတ်ဝင်စားသူတွေက စောင့်မျှော်နေကြပါတယ်။
ခြောက်အလီအစဥ်လိုက်အတိုင်း ၆လတကြိမ် တိုးလာတာ ၄နှစ်ပြည့်ပြီမို့ ခုရော သက်တမ်းတိုးမလား ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ်မှတ်နိုင်မလားလို့ စိဝင်စားနေကြပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်သူအချို့ကတော့ နစကရဲ့တခြားခြေလှမ်းတွေကို ဘာမှမမြင်ရသေးတဲ့ အတွက် နစက ဟာ သူတို့အစိုးရအဖွဲ့ကို သက်တမ်းတိုးဖို့ ကိစ္စရပ်က ၈၀% နှုန်းလောက်အထိ ရှိနေတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာဖြစ်ပါတယ်။
ယခုကိစ္စရပ်တွေအပေါ် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကာလရှည်ကြာ လက်တွဲလုပ်ကိုင်ဘူးသူတယောက်က
“ကျွန်‌တော်အထင်ပြောရရင် နစက သက်တမ်းထပ်တိုးဖို့ ၈၀% လောက်မှန်းတယ်၊ ဘာလို့လဲဆိုတော့ တခြားခြေလှမ်း လှမ်းတာ မမြင်ရပါဘူး၊ ၂၀% ကတော့ လျို့ဝှက်လုပ်တတ်တဲ့ မမြင်ရတဲ့ အစီစဥ်တွေရှိနိုင်လို့ပါ။ ရွေးကောက်ပွဲကတော့ ခု သက်တမ်းတိုးတဲ့ ၆လ မကုန်ခင် ကျင်းပမယ့်ရက် ထုတ်ပြန်မယ်မျှော်လင့်တယ်” လို့ မှတ်ချက်ပြုပါတယ်။
ဒါအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကလည်း ဒီကနေ့ ကျင်းပမယ့် ကာ/လုံအစည်းအဝေးကနေ နစက က သက်တမ်းတိုးလာနိုင်ချေများတယ်လို့ VOM ကို အခုလိုမှတ်ချက်ပြု ပြောကြားပါတယ်။
“အခုလက်ရှိ အနေအထားမှာဆိုလို့ ရှိရင် SAC က သက်တမ်းတိုးရမယ့် အနေအထားကတော့ တွေ့နေရပါတယ်။ဘာကြောင့်လဲဆိုတော့ သက်တမ်းတိုးခြင်းသည် တိုပြည်ရဲ့ မငြိမ်းချမ်းမှုကို အကြောင်းအရင်းခံပြီးတော့မှ ဒီသက်တမ်းတွေကတိုးလာတယ်။ငြိမ်းချမ်းရေးဆွေးနွေးလို့မပြီးနိုင်သေးဘူး။တိုက်ပွဲတွေကို ထိန်းချုပ်လို့မနိုင်သေးဘူးဆိုတဲ့ အနေအထားမှာ သက်တမ်းတွေတိုးလာရတာဖြစ်ပါတယ်။အခုလည်းပဲ ငြိမ်းချမ်းတာက မတွေ့ရဘူး။ပိုပြီးတော့တောင်မှ အခက် အခဲတွေရှိနေတယ်လို့မြင်ပါတယ်။အဲတော့ ကာလုံမှာတော့ သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်” လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
ပြည်တွင်းက နိုင်ငံရေးပါတီ ခေါင်းဆောင်တယောက်ဖြစ်သူကလည်း ယေဘုယျအားဖြင့် နစက သက်တမ်းတိုးနိုင်၊မတိုးနိုင်ဆိုတာက ဒီကနေ့ နစက ဘက်က ထုတ်ပြန်လာမှုကို သာစောင့်ကြည့်ရမယ်လို့ ဆိုထားပြီး အခြားအကြောင်း အရာတွေကိုတော့ သူ‌အနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ VOM ရဲ့မေးမြန်းမှုကို ဖြေကြားပါတယ်။
အဲဒါအပြင် လက်ရှိအခြေအနေကို စောင့်ကြည်အကဲခတ်နေသူတယောက်က
“နစကအနေနဲ့သက်တမ်း ထပ်တိုးမလား ရွေးကောက်ပွဲလုပ်ထွက်ပေါက်ရှာမလား တခုရွေးရမှာဘဲလေ လက်ရှိအခင်းအကျင်းအရ ရွေးကောက်ပွဲ အသင့်ဖြစ်ပုံမရသေးတော့ သက်တမ်းတိုးလိမ့်မယ်။ ဒီတိုင်းကြာရင်တော့ ပြည်သူက လုံးပါးပါးနေပြီ။ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေကလဲ ခုလိုတကွဲတပြားဖြစ်နေတာ အားပေးမယ်မထင်ဘူး၊ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရနဲ့မှ အလုပ်ဆက်လုပ်နိုင်မယ်ဆိုတာ သဘော ပေါက်ထားတော့ အစိုးရတရပ်ပေါ်အောင် ရွေးကောက်ပွဲနည်းကို အားပေးကြမယ်ထင်တယ်” လို့ သုံးသပ်ပါတယ်။
လက်ရှိ နစက အနေနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လူဦးရေသန်းခေါင် စာရင်း မဲပေးခွင့်ရှိသူစာရင်း စစ်ရှောင်စာရင်းတွေ ကောက်ယူနေတာဟာ ရွေးကောက်ပွဲအတွက် သေချာပြင်ဆင်နေတာသာဖြစ်ပြီး ခေတ်မီမဲပေးတဲ့ စက်ပစ္စည်းတွေမှာယူတာလည်း ရှိနေပြီလို့ ရွေးကော်နဲ့ နီးစပ်နဲ့ သတင်းရပ်ကွက်က သိရပါတယ်။
မတည်ငြိမ်တဲ့ဒေသတွေက မဲပေးခွင့်ရှိသူတွေမဲပေးဖို့ အဝေးရောက်မဲရုံတွေလိုမျိုးလုပ်ပြီး ရောက်တဲ့နေရာမှာ မဲပေးနိုင်အောင် စီစဥ်တာမျိုး လုပ်လာနိုင်တယ်လို့ ရွေးကောက်ပွဲနည်းနာတွေက လေ့လာသူတယောက်ကဆိုပါတယ်။
မြန်မာ့ရွေးကောက်ပွဲမှာ မဲပေးတဲ့အရေအတွက် ဘယ်လောက်ရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်ဆိုတာ သတ်မှတ်ချက်မရှိတဲ့အတွက် ဖြစ်အောင်လုပ်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေသလို လက်ရှိကာချုပ်က ရွေးကောက်ပွဲပြီး ဘာတာဝန်ယူမယ်ဆိုတာတော့ မှန်းဖို့စောပါသေးတယ်လို့ လေ့လာသူက ဆိုပါတယ်။
“ရွေးကောက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် ကွက်ကြား ကွက်ကြားလောက်ပဲဖြစ်နိုင်ဖို့များတယ်လို့ပဲ မြင်ပါတယ်။အဲလိုရွေးကောက်ပွဲတခုလုံးကလည်း မြန်မာနိုင်ငံတခုလုံးကို ရွေးကောက်ပွဲက ဖြစ်သည်ဆိုငြားသော်လည်း တကယ့်ကို နိုင်ငံတကာက လက်ခံနိုင်တဲ့အနေအထားမြန်မာတနိုင်ငံလုံးက လူတွေ အားလုံး လက်ခံနိုင်တဲ့ အနေအထားက ဖြစ်ဖို့ခက်ပါတယ်။ ဖြစ်တော့ဖြစ်လာနိုင်တယ်။ကွက်ကြား၊ကွက်ကြားဖြစ်တဲ့ ပုံစံမျိုးနဲ့ ပဲ သွားရမယ့် လက္ခဏာတွေရှိနေတယ်လို့ပဲ မြင်ပါတယ်”လို့ EAO အဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
လက်ရှိ နိုင်ငံရေး‌နယ်ပယ်မှာတော့ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံအုပ်ချုပ်သူအစိုးရတရပ် အပြောင်းအလဲဖြစ်လာနိုင်မလား ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။
ဒါအပြင် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အသိုင်းအဝိုင်းမှာလည်း ဖေဖော်ဝါ ရီ(၁)ရက်နေ့မှာ ၂၀၀၈ ခြေဥအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရ ဆိုတဲ့ နေရာမှာ “အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” ဆိုတဲ့ အုပ်ချုပ်သူအစိုးရ တရပ် ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်မှုတွေ ထွက်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။
အဲဒီကာလုံအစိုးရရဲ့ အဓိက တာဝန်ဟာ ခြေဥ ပုဒ်မ ၄၂၉ မှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း (၆)လ အတွင်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူတွေရဲ့အဆိုအရ ပုံမှန်အရဆိုပါက အစိုးရသက်တမ်းတရပ်က ၅ နှစ်ပဲရှိတဲ့အတွက် ယခင် ၂၀၂၀ မှာ​ရွေး​ကောက်ပွဲ
လုပ်ခဲ့တဲ့ အတွက် ယခု ၂ဝ၂၅ ခုနှစ်မှာ အစိုးရ တရပ်အနေနဲ့ ရွေး​ကောက်ပွဲက လုပ်ကိုလုပ်ရ​မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ရွေးကောက်ပွဲဟာ ယခု ၂ဝ၂၅ အတွင်းမှာ ပြုလုပ်နိုင်မယ်လို့လည်း ယေဘုယျအားဖြင့် နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းထားကြတာဖြစ်ပါတယ်။
လက်ရှိ နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းထားတဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်ဖြစ်သူ နစက ဥက္ကဌ ဟာ မြန်မာနိုင်ငံရဲ့(၁၀)​ယောက်​​မြောက်တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်တယောက်ဖြစ်သလို သူ့လက်ထက်မှာ​တော့သူကတိ​ပေးထားတဲ့အတိုင်း​ရွေး​ကောက်ပွဲကို သူတွန်းလုပ်ဖို့ သူအာရုံစိုက်​နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်မှုတွေကလည်း ရှိနေပါတယ်။
နစက က သူတို့ရဲ့ရှေ့လုပ်ငန်းစဥ်(၅)ရပ်ထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့ အချက်တချက်က အ​ရေး​ပေါ်ဆိုင်ရာပြဌာန်းချက်တွေနဲ့ အညီ​ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ၂၀၀၈ နဲ့ အညီလွတ်လပ်ပြီးတရားမျှတ​သောပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကို ပြန်လည်ကျင်းပလို့ အနိုင်ရတဲ့ ပါတီကို ဒီမိုက​ရေစီစံနှုန်းတွေနဲ့အညီ
နိုင်ငံ​တော်တာ၀န်တွေကို လွဲအပ်နိုင်​ရေးအတွက် ဆက်လက်​ဆောင်ရွက်သွားမယ်လို့လည်း ပါဝင်တာကိုတွေ့ရပါတယ်။
ပြည်တွင်းရှိ သတင်းစာ ဆရာတယောက်က “မြေပြင်အခြေအနေအရတော့ စစ်တပ်အုပ်ချုပ်တာကြာမယ်။ နေရာပေါင်းစုံ၊ဌာနပေါင်းစုံကိုပြန်လည်တည် ဆောက်ရမယ်”လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ တပ်မတော်က အာဏာရ ယူခဲ့တာဟာ အခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ (၄)နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW