ဇန်နဝါရီ-၃၁-၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုစိုက်ပျိုးရာသီကာလအတွင်း မျိုးစေ့မဖြစ်ထွန်းမှုနဲ့ မြေဆီလွှာပျက်စီးမှုကြောင့် သီးနှံထွက်ရှိမှု လျော့နည်းနေတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ယခင် ၂၀၂၃နှစ်ကုန်စိုက်ပျိုးရာသီက ငရုတ်ပွတဧကကျော် စိုက်ပျိုးပါက အမြတ် ကျပ် သိန်း ၄၀ဝန်းကျင်ရရှိခဲ့ပေမယ့် အခုနှစ်စိုက်ပျိုးရာသီမှာတော့ မျိုးစေ့ မဖြစ်ထွန်းမှုနဲ့အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရတဲ့အပြင် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“ဒီနှစ်ကတော့ တောင်သူတွေကော၊ အင်းလေးသူ/အင်းလေးသားတွေအကုန်လုံး တော်တော်လေး ခက်ခဲတဲ့ နှစ်ပါပဲ။ ရေဘေးကြုံရတယ်၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ကြုံရတယ်။ ကုန်စည်ကူးသန်းရာမှာလည်း စစ်ဆေးရေးဂိတ်တွေကြောင့် အရင်ကထက် အချိန်ပိုကြာ၊ ကုန်ကျစရိတ် ပိုများလာတယ်။ အခုသီးနှံထွက်တော့ အရှုံးများကြတယ်”လို့ ဒေသခံတောင်သူတယောက်က VOMကို ပြောပါတယ်။
ရေဘေးကြောင့် ပြီးခဲ့တဲ့ စိုက်ပျိုးရာသီက သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် လက်ရှိစိုက်ပျိုးရာသီမှာ စိုက်ပျိုးမြေတွေဟာ ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး မျိုးစေ့တွေကို အတုထုတ်လုပ်ရောင်းချလာမှုတွေကြောင့် အပင်မဖြစ်ထွန်းလာတော့တာ ဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ငရုပ်ပွသာမက ခရမ်းချဉ်၊ ဖရုံ နှင့် မုန်ညင်းရွက်များကိုလည်း အင်းလေးဒေသမှာ စိုက်ပျိုးကြပြီး ဒေသခံအများစုဟာ ကုန်ဈေးနူန်းအခြေအနေကြောင့် မျိုးစေ့တွေကို နီးစပ်ရာ မျိုးစေ့အရောင်းဆိုင်တွေမှာသာ ဝယ်ယူစိုက်ပျိုးကြတဲ့အတွက် မျိုးစေ့အတုတွေနဲ့ ကြုံတွေ့ခဲ့ရသလို သီးနှံဧက ရာနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒါ့အပြင် လက်ရှိအင်းလေးဒေသမှာ စိုက်ပျိုးရေး မဖြစ်ထွန်းမှုနဲ့အတူ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်း ပြုနေရသူတွေဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ငါးတွေရှားပါးသွားတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local