ထီးတော်တင်လှူပွဲ

 

 

ဆူးငှက်

 

မြန်မာအဘိဓာန်မှာ ‘စေတီ’ကို ရိုသေပူဇော်အပ်သော အရာ၊ ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာထားသော အဆောက်အအုံလို့ အဓိပ္ပာယ်ဖွင့်ပြီး ပါဠိမှာတော့ ‘စေတိယ’လို့ ဆိုပါတယ်။ မြန်မာ ဗုဒ္ဓဘာသာတို့ကိုးကွယ်တဲ့ စေတီရဲ့ ဗိသုကာ မှာ အစိတ်အပိုင်းပေါင်း ၁၉ မျိုးပါဝင်ကြောင်းလည်း မြန်မာ အဘိဓာန်မှာ ပုံနှင့်တကွ ပြဆိုထားပါတယ်။ ဒီ အစိအပိုင်းတွေထဲမှာ စေတီရဲ့ အထွတ်အမြတ်အဖြစ် စိန်ဖူး၊ ငှက်မြတ်နား၊ ထီးတော်တို့ ပါရှိပါတယ်။

 

တကယ်တော့ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓသာသနာထွန်းကား ကတည်းက စေတီပုထိုးပူဇော်မှုဟာ တစ်ပြိုင်နက်တည်း ပေါ်ထွန်း လာတာ ဖြစ်တယ်။ စေတီပုထိုး တည်ထားမှုနဲ့အတူလည်း စေတီ ပုထိုးဆိုင်ရာ ဗိသုကာအတတ်ပညာ၊ အနုပညာတွေလည်း ဖွံ့ဖြိုးခဲ့ တာပါ။ ဒီကနေ့ အများဆုံးဖူးတွေ့နေရတဲ့ စေတီပုထိုးပုံစံတွေ ကတော့ ပုဂံခေတ်မှာမှ အများဆုံးတည်ထားခဲ့တဲ့ ပုံစံတွေဖြစ် တယ်။ ပုဂံခေတ်မတိုင်မီက စေတီပုထိုးတွေမှာတော့ ထီးတော် ဆိုတာ မပါခဲ့ပါဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ပုဂံခေတ်မှာမှ စေတီရဲ့ အထွတ်အဖြစ် ထီးတော်ကို ထည့်သွင်း ပူဇော်ကြရာမှာ အုတ်ထီး၊ ကျောက်ထီး၊ အင်္ဂတေထီးတွေက အများဆုံး ဖြစ်ကြပါသတဲ့။ နောက်မှသာ သံထီးတော်တွေကို တင်လှူခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပုဂံခေတ်က နံရံမင်စာတွေ ကျောက်စာတွေမှာ ထီးတော် တင်လှူပွဲ အခမ်းအနားတွေကို တဖွဲ့ တနွဲ့ မှတ်တမ်းတင်လာကြတာတွေကို လေ့လာဖတ်ရှု့နိုင်ကြပါ တယ်။ ဒါကြောင့် စေတီပုထိုး တည်ထားကိုးကွယ်မှုမှာ ထီးတော် တင်လှူခြင်းအခမ်းအနားဟာ အရေးကြီးတဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားဆိုလည်း မမှားဘူးပေါ့။

 

ပုဂံခေတ်က နရသတိစည်သူမင်း တည်ထားခဲ့တဲ့ ဓမ္မရာဇိကဘုရား မင်စာတစ်ခုမှာ သက္ကရာဇ် ၅၆၀ ပြည့်နှစ်ရောက် တော့ စေတီတော်ကြီးပြီးလို့ ထီးတင် သာဓုခေါ်ထွက်တော်မူပြီး သင်္ကန်းဆူရေ (၁၀၀၀)၊ ကျွန်(၁၀၀၀)၊ မြန်မာကþန်(၅၀၀)၊ ကုလားကþန် (၅၀၀)၊ မြေ(၅၀၀)၊ နွား(၅၀၀) လှူတော်မူကြောင်း စေတီတော် အာရုံမုခ်များအတွင်း မင်စာနဲ့ ကမ္ပည်းတင်ခဲ့တယ်။ သက္ကရာဇ် ၉၈၁ ခုနှစ် မင်းဆရာ ဘုန်းကြီးတစ်ပါးလည်း ထီးတင်ပွဲ ကျင်းပခဲ့ပုံအကြောင်း၊ သက္ကရာဇ် (၁၀၉၇) ခုနှစ် ရက်စွဲနဲ့ တက်သိမ်းဘုန်းတော်ကြီကလည်း ဘုရားပြင်ခဲ့ပုံ ဆေးရေးခဲ့ပုံနဲ့ ဒါယကာတစ်ဦးက ဘုရားခယားသီး ပြင်ဆင်ပြီး ထီးတင်ခဲ့ပုံတွေ မင်စာနဲ့ ကမ္ပည်းတင်ခဲ့တယ်။ အလားတူ ရွှေတိဂုံဘုရားကြီးရဲ့ ခေတ်အဆက်ဆက် ထီးတင်ပွဲမှတ်တမ်းတွေကလည်း ဘုရား သမိုင်းသာမက ခေတ်ရဲ့ နောက်ခံကားချပ်အဖြစ် ပုံရိပ်ထင်ဟပ် စေခဲ့တယ်။

 

 

ရွှေတိဂုံထီးတင်

 

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ခေတ်အဆက်ဆက် ထီးတော်တင်လှူခဲ့တဲ့ သမိုင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ၁၄၃၆ခုနှစ်မှာ ငလျင်လှုပ်လို့ ခေါင်းလောင်းအထိ ပြိုတယ်။ ဗညားရန်၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပုတို့ ပါဝင်ပြီး အဆက်ဆက်ပြုပြင်ခဲ့တာ ဉာဏ်တော် ၃၀၂ ပေ ဖြစ်လာပါတယ်။ ၁၅၇၂ခုနှစ်မှာ ငလျင်လှုပ်လို့ ၁၅၆၄ခုနှစ်က ပြိုတဲ့ အပျက်အစီးများကို ဘုရင့်နောင်က ပြင်ဆင်ပြီး ထီးတင်တယ်။ မကိုဋ် လှူတယ်။ သဘင်ပွဲ ခံတယ်။ ၁၅၈၂ ခုနှစ်မှာ ငါးဆူဒါယကာ နန္ဒဘုရင် လက်ထက်မှာ ထီးသစ်တင်တယ်။ ၁၆၁၀၊ ဇူလိုင်မှာ ၁၆၀၈ ခုနှစ် ငလျင်ကြောင့် အပျက်အစီးများကို ပြင်ပြီး ပထမဆုံး ပြည်သူများ စုပေါင်းတင်လှူတဲ့ ထီးတော်ကို တင်တယ်။ ၁၆၂၂၊ မတ်လမှာ ငလျင်ကြောင့် ပျက်စီးသည်များကို ပြုပြင်ပြီး ထီးသစ်တင်သည်။ ရွှေသင်္ကန်း ကပ်လှူတယ်။ ၁၆၄၄ခုနှစ်  ဒီဇင်ဘာ ၂၆ရက်မှာ ငလျင်လှုပ်လို့ ပြိုတာကို သာလွန်မင်းက ထီးတော်ဟောင်းပြုပြင်ပြီး ထီးတင်တယ်။

 

၁၆၅၂ ခုနှစ် မေ ၆ ရက်မှာ ငလျင်လှုပ်လို့ ပြိုသည်ကို ပင်းတလဲမင်းက ထီးပြန်တင်တယ်။ ၁၆၆၂ ခုနှစ် ဖေဖော်ဝါရီလ ပြည်မင်းလက်ထက် ငလျင်လှုပ်လို့ ထီးတော်ဘုံသုံးဆင့် လွင့်စဉ်ပြီး မြေခလို့် ၁၆၆၃ခု စက်တင်ဘာလမှာ ပြည်မင်းက ထီးတော်ဟောင်းကို အင်းဝသို့ ယူ၍ ပြုပြင်ပြီးနောက် ပြန်တင်သည်။ ၁၆၆၄ ဒီဇင်ဘာလမှာ ငလျင်လှုပ်လို့  စိန်ဖူးနှင့်တကွ ထီးတော် အနောက်မြောက်ထောင့်သို့ ကျတယ်။ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံ ပြိုတယ်။ ၁၆၆၇ခု ဖေဖော်ဝါရီလမှာ စေတီကြီးကို ပြုပြင်ပြီးလို့ ထီးသစ်တင်ပါတယ်။

 

၁၇၆၈ခုနှစ် ဇွန် ၁၃ရက်မှာ ဆင်ဖြူရှင်မင်းလက်ထက်က ငလျင်လှုပ်လို့ စေတီတော် သပိတ်မှောက် အထက်ပိုင်း ပျက်ယွင်းသလို စေတီပစ္စယာ ပန်းတင်လည်း ပျက်ပါတယ်။ ဆင်ဖြူရှင်မင်းက ပြင်ဆင်ဖို့် ထီးတော်အသစ်လုပ်ဆောင်ပြီး ရွှေ ကိုယ်လေးချိန် မျက်ပါးခတ်စေခဲ့ပါတယ်။ ၁၇၇၅ခုနှစ် မတ် ၁၅ရက်မှာ ဆင်ဖြူရှင်ကောင်းမှု၊ အမြင့် ၃၈ ပေ၊ ၉ လက်မရှိတဲ့ ဘုံခုနှစ်ဆင့် ထီးတော်သစ်ကို တပေါင်းလပြည့်နေ့မှာ စေတီတော်မြောက်အရပ်မှ စက်သီးဖြင့် တင်တယ်။ ဒီအချိန် စေတီတော်မြတ်ကြီးက ဉာဏ်တော် ၃၃၈ ပေရှိတယ်လို့ ဆိုပါတယ်။

 

၁၈၅၅   ၁၈၅၂ ခုနှစ်မှစပြီး စစ်ကြောင့် အပျက်အစီးများကို အင်္ဂလိပ်အစိုးရရဲ့ ခွင့်ပြုချက်ဖြင့် ပြုပြင်ပြီး ဦးထော်လေးက စတင် စောင့်ရှောက်ပါတယ်။ ဦးထော်လေးက စေတီတော်အတွက် ထီးတော်ကို ပြင်ဆင်ခြင်း၊ ခေါင်းလောင်းစာရင်း ပြုလုပ်ခြင်း၊ ပြန်လည် ဆပ်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်တယ်။ အလှူဒါနတွေ စုဆောင်းပြီး စေတီတော် ပြုပြင်ရန် အတွက် ငြမ်းဆင်တယ်။ တပေါင်းလမှာ ခေါင်းလောင်းတွေ ပြန်ပြီး တင်လှူပါတယ်။

 

၁၈၆၇ ခုနှစ်မှာတော့ ကုန်းတော်ပတ်လည်ကို အင်္ဂလိပ်က ခံတပ်အဖြစ် အခိုင်အမာ စတင်ပြုပြင်တယ်။ ၁၈၆၉ခုနှစ်မှာ ရွှေတိဂုံစေတီတော်ကြီးကို စောင့်ရှောက်ရန် ဘုန်းတော်ကြီး ဦးပဏ္ဍိတ ခေါ် ဦးပြားကို နာယကထားပြီး ဂေါပက ဖွဲ့ခဲ့တယ်။ ၁၈၆၉၊ နိုဝင်ဘာလ ၁၁ရက်မှာ ဂေါပကအဖွဲ့က စည်းဝေး၍ ထီသစ်တင်ရန် ပြည်သူ့အားမျှနှင့် မဖြစ်နိုင်၍ မန္တလေးမှ မင်းတုန်းမင်းကို ဆောင်ရွက်ပါရန် လျှောက်ထားဖို့ ဆုံးဖြတ်ပါတယ်။ ၁၈၆၉၊ ဒီဇင်ဘာ၂၆ရက်မှာ မင်းတုန်းမင်းက ရွှေတိဂုံ ဆံတော်ရှင် ထီးတော်သစ် တင်စေဖို့ အမိန့်ကို ညီလာခံမှာ ချမှတ်ပါတယ်။ ၁၈၇၀၊ ဇန္နဝါရီလ ၁၁ရက်မှာ        မင်းတုန်းမင်းက ထီးတော်သစ်တင်ရန် အမိန့်ချမျတ်ခြင်းကို စေတီတော် ရင်ပြင် သာယာဝတီမင်း ခေါင်းလောင်းအနီးမှာ မှတ်လွှာဖတ်ပွဲ ပြုလုပ်တယ်။

 

၁၈၇၀ ခုနှစ် မေလ ၇ရက်မှာ ထီးတော်ကြီးကို ရတနာပုံ မန္တလေးမှာ ပြုလုပ်ရန်အတွက် အလှူပါဝင်ရန် ရန်ကုန်က ငွေများ၊ ပစ္စည်းများ ပို့ပေးကြတယ်။ ၁၈၇၁ခုနှစ် အောက်တိုဘာ ၂ ရက်မှာပဲ ထီးတော်ကြီးကို ရတနာပုံမန္တလေးမှာ ပြုလုပ်ပြီးစီး၍ မင်းတုန်းမင်းက ရေစက်ချ လှူဒါန်းပါတယ်။ ၁၈၇၁ခု အောက်တိုဘာ ၂၂ရက်မှာ ထီးတော်သစ် ပင့်ဆောင်လာတဲ့ အဖွဲ့ ရေနန်းစကြာ သင်္ဘောနဲ့ ရန်ကုန် လမ်းမတော်ဆိပ်သို့ ဆိုက်ရောက်ပါတယ်။

 

၁၈၇၁ခုနှစ် အောက်တိုဘာ ၂၆ရက်မှာ ထီးတော်အဖွဲ့ခေါင်းဆောင် မင်းကြီး မဟာမင်းကျော်မင်းထင် (ပုပ္ပါးဝန်ထောက်) က အင်္ဂလိပ် မဟာမင်းကြီးကို အခမ်းအနားဖြင့် အတွင်းဝန်ရုံးမှာ ထီးတော်ပေးအပ်ပွဲ ကျင်းပတယ်။ ၁၈၇၁ခု အောက်တိုဘာလ ၂၈ရက်မှာပဲ ထီးတော်သစ်က ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဒေါ်ဖွားဇရပ်သို့ ရောက်ပါတယ်။ ၁၈၇၁၊ နိုဝင်ဘာလ ၁၄ရက်မှာ ထီးတော်ဟောင်းကို တစ်ပိုင်းစီ စပြီးချရာ ၁၈ ရက်နေ့တွင် ပြီးစီးတယ်။

 

၁၈၇၁ခု နိုဝင်ဘာလ ၁၉ရက်မှာ ထီးတော်သစ်ကို စတင်တော့ စက်ပျက်လို့ မအောင်မြင်ဘူး။ ဒီနောက် ၁၈၇၁ခု နိုဝင်ဘာလ၂၁ရက်မှာ ထီးတော် ပထမဘုံကို တင်ပြီး နိုဝင်ဘာလ ၂၆ရက်မှာ ထီးတော်သစ်နှင့်တကွ စိန်ဖူးတော်နဲ့  ငှက်မြတ်နားတော်တို့ တင်လှူကာ ပြီးမြောက် အောင်မြင်ခဲ့ပါတယ်။ နိုဝင်ဘာ၂၇ရက်နေ့မှာတော့ ပုပ္ပါးဝန်ထောက်နှင့်အဖွဲ့ ရန်ကုန်မှ ထွက်၍ မန္တလေးရတနာပုံ နေပြည်တော်သို့ ပြန်ပါတယ်။ ၁၈၇၂ခု ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ ထီးတော်အသစ် တင်လှူပြီး ပထမဆုံးကျင်းပတဲ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲကတော့ ခါတိုင်းနှစ်တွေထက် ထူးပြီး စည်ကားလှသတဲ့။ တောရွာတွေက ဘုရားဖူးတွေ အများအပြား လာရောက် ကြတာကလည်း အမှတ်တရပါပဲ။

 

မဟာမုနိ ထီးတင်

 

မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရမြို့တည်နန်းတည် ဘိုးတော်မင်းတရားရဲ့ သားတော်အကြီး အိမ်ရှေ့မင်းက ရခိုင်ပြည်က ပင့်ဆောင်တော်မူပါတယ်။ ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက်၊ စနေနေ့။ (ခရစ်နှစ် ၁၇၈၄ ခု၊ အောက်တိုဘာ ၁၆ ရက်) မှာ အမရပူရ ရွှေမြို့တော်က ဘိုးတော်ဘုရား အမိန့်ဖြင့် သားတော် မဟာဥပရာဇာ အချုပ်ပြုပြီး ရခိုင်သို့ စတင်ချီကာ ကောဇာသက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ရက်၊ အင်္ဂါနေ့။ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်)နေ့မှာ မဟာဥပရာဇာ ကိုယ်တော်တိုင် မဟာမုနိဘုရားရှင်ထံ ကြွချီ၍၊ ရိုသေစွာ ပူဇော်ပြီး စတင်ပင့်ဆောင်ခဲ့ရာ ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ မေလ ၅ရက်) နေ့မှာ မဟာမုနိ ဘုရားရှင်ဟာ အမရပူရရွှေမြို့တော်၊ စက်ရှင်တံတားအနီး၊ ရွှေဖောင်တော်ဆိပ်သို့ ရောက်ရှိပါတယ်။ ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၁ရက်၊ စနေနေ့ (ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ ဇူလိုင် ၂ ရက်)နေ့မှာ မဟာမုနိရုပ်ရှင်တော်မြတ် သီတင်းသုံးမယ့် ဘုံ ၇ ဆင့် ကျွန်းပြာသာဒ်တော်ကြီး စတင်ဆောက်လုပ်ပြီး ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ်၊ သီတင်းကျွတ်(ခရစ်နှစ် ၁၇၈၅ ခုနှစ်၊ အောက်တိုဘာလ)နေ့မှာ ဘုံ ၇ ဆင့် ပြာသာဒ်တော် ပြီးစီးလို့ ဘိုးတော်ဘုရားကိုယ်တော်တိုင် စစ်အင်္ဂါလေးပါးနှင့်တကွ ထွက်တော်မူကာ၊ မဟာမုနိဘုရားရှင်ကို ပြာသာဒ်တော်ကြီးအတွင်း ပလ္လင်တော် အုတ်ဂူမှာ တင်ထားပူဇော်ပါတယ်။

 

ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ရက် (ခရစ်နှစ် ၁၈၅၉ ခုနှစ်၊ မေလ ၂၂ ရက်)နေ့မှာတော့ နေပြည်တော်ကို၊ အမရပူရမှ မန္တလေးရပ်သို့ ပြောင်းရွှေ့ကာ မင်းတုန်းမင်းက ထီးသစ် နန်းသစ်နဲ့ မြို့တော်သစ် ထူထောင်ပြီး မဟာမုနိဘုရားရှင်ကိုလည်း မူလနေရာမှာပင် ဆက်လက် တည်ထား ကိုးကွယပါတယ်။

 

ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂ရက်၊ တနင်္လာနေ့ (ခရစ်နှစ် ၁၈၈၄ ခုနှစ်၊ ဧပြီလ ၇ရက်) မှာတော့ မန္တလေး ရတနာပုံနေပြည်တော် ရတနာဘုမ္မိအရပ်မှ စတင်မီးလောင်ရာ မဟာမုနိဘုရား စောင်းတန်း လေးမျက်နှာနှင့် တန်ဆောင်းပြာသာဒ် အစုံ အကုန်မီးဘေးသင့်ပါတယ်။ မဟာမုနိ ရုပ်ပွားတော်မြတ် မှာ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ကပ်လှူထားတဲ့ ရွှေသင်္ကန်းတော် များ ပျက်စီးသော်လည်း၊ မူလရုပ်ပွားတော်မှာ တစ်စုံတစ်ရာ ထိခိုက်ချွတ်ယွင်းပျက်စီးခြင်း မရှိခဲ့ပါဘူး။ ပျက်စီးတဲ့ ရွှေသားအစိတ်အပိုင်းကို ပြန်လည်ကြိုချကတော့ ရွှေကျပ်ချိန် ငါးထောင့်လေးရာငါးဆယ် ရရှိပါသတဲ့။

 

ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ ကဆုန်လဆန်း ၁ရက်၊ သောကြာနေ့(ခရစ်နှစ် ၁၈၈၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်)နေ့မှာ မဟာမုနိရုပ်ပွားတော်ကို ကပ်လှူရန် ရွှေစင်ကျပ်ချိန် ၆၀၀၀ ကျော်ကို ရွှေနန်းတော်မှ ထုတ်ပေးပြီး၊ အဖိုးငွေ သုံးသိန်းကျော်ထိုက်တဲ့ မကိုဋ်တော်ကို လှူဒါန်းဖို့် ရွှေနန်းတော်အတွင်း စတင်လုပ်ဆောင်ခဲ့တာ ဝါဆိုလဆန်း ၁ရက်၊ ဇွန်လ ၂၃ ရက်မှာ ပြီးစီးအောင်မြင်ပါတယ်။

 

ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်၊ စနေနေ့ (ခရစ်နှစ် ၁၈၈၄ ခုနှစ်၊ ဇူလိုင် ၅ ရက်)နေ့မှာ သီပေါမင်း၊ မိဖုရားခေါင်ကြီးနှင့် မင်းပေါင်းစုံညီစွာ ထွက်တော်မူကြီး အခမ်းအနားနှင့် မဟာမုနိ ကိုယ်တော်ကို မျက်နှာတော်အသစ် ဖွင့်တော်မူ၊ မကိုဋ်တော် အပါအဝင် နရကင်းတော်၊ နားပန်တော်၊ စလွယ်တော်၊ တုရင်တော်၊ သပိတ်တော်၊ သန့်သက်ရေစစ်တော်၊ ယပ်ရိုးရှည်နှင့် ပြင်သစ်နိုင်ငံမှ မှာယူသော ဖန်သလွန်တော် များလည်း ကပ်လှူခဲ့ပါတယ်။ ကောဇာသက္ကရာဇ် ၁၂၅၉ ခု၊ ဝါဆိုလပြည့်ကျော် ၉ရက်၊ ကြာသပတေးနေ့ (ခရစ်နှစ်၊ ၁၈၉၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)မှာ လက်ရှိ ဂန္ဓကုဋီ၏ အုတ်ကျောင်းတော်ကြီး စတင် ဆောက်လုပ်ခဲ့တာ  (ကောဇာသက္ကရာဇ် ၁၂၆၀ ခုနှစ်တွင် ပြီးစီးပါတယ်)။

 

ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ် တပို့တွဲလဆန်း ၈ ရက်နေ့မှာ ရွှေချိန်ပေါင်း ၁၁၉၉ ကျပ်သားနှင့်တစ်မူး (ရွှေတစ်ကျပ်သား ၁၃ိ/- ကျပ်နှုန်းနှင့် တန်ဖိုး ၃၉၇၀ ကျပ်)၊ ထီးတော်အတွက် အမာခံဘော်သား ကျပ်ချိန် ၁၀၂၃ ကျပ်သားနှင့်၇ပဲ၊ရွှေနှင့်ဘော်သား စုစုပေါင်းတန်ဖိုး ၄၀၅၉၃ ကျပ် ၇ပဲ။ ထီးတော်မှာ ချိတ်ဆွဲလှူဒါန်းတဲ့ ရတနာစိန်ကျောက်တွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရွှေသားထီးတော်ကြီးကို တင်လှူ ပူဇော် ပါတယ်။

 

တကယ်တော့ ဆိုရှယ်မီဒီယာတွေမှာ အတွေ့များရတဲ့ ရှေးဟောင်းဓာတ်ပုံများမှာ ပုံစာအချို့က မှားယွင်းနေပါတယ်။ အများဆုံးမှားယွင်းကြတာက မန္တလေးက မဟာမုနိရုပ်ရှင်တော်မြတ် ကိန်းဝပ်ရာ ဂန္ဓကုဋိရွှေကျောင်းတော်ကြီးမှာ ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ် တပို့တွဲလဆန်း ၈ရက် (၁၈၉၉ ဇန်နဝါရီ ၁၈) နေ့မှာ ထီးတော်ကြီး တင်လှူစဉ်က ဓာတ်ပုံများကို ကောဇာသက္ကရာဇ် ၁၂၃၃ ခုနှစ် နတ်တော်လပြည့် (၁၈၇၁ခု နိုဝင်ဘာလ ၂၆ရက်) နေ့က ရွှေတိဂုံ စေတီတော်မြတ် ထီးတော်တင်စဉ်ကလို့ မှားယွင်း ရေးသား အမှတ်မှားနေကြပါတယ်။ ဒီပုံတွေမှာ မဟာမုနိ ပရိဝုဏ်က အရှေ့စောင်းတန်းနဲ့ လိပ်ကန်တွေကိုတောင် သိသာစွာ မြင်တွေ့နေရပါတယ်။ ပေ၃၅၀ ဝန်းကျင် ဉာဏ်တော်အမြင့်ရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်နဲ့ ပေ ၁၅၀ ဝန်းကျင် ဉာဏ်တော်အမြင့်ရှိတဲ့ မဟာမုနိရုပ်ရှင်တော်မြတ် ဂဋကုဋိ ရွှေကျောင်းတော် တို့ရဲ့ ထီးတော်တင်လှူပုံတွေက သိသာကွဲပြားလှပါတယ်။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ထီးတော်တင်လှူပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW