အမေရိကန်မှာ လေယာဉ်တစင်းပျက်ကျမှုဖြစ်ပွားပြန်လို့ လိုက်ပါသူအားလုံး သေဆုံး

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၅
ရတီ(VOM)
အမေရိကန်နိုင်ငံ အလက်စကာမှာ မနေ့က ပျက်ကျပျောက်ဆုံးသွားတဲ့ လေယာဉ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
မနေ့က မွန်းလွဲပိုင်းက ပျောက်ဆုံးသွားတဲ့ အဲဒီလေယာဉ်အတွင်းမှာ အခြားအလောင်း ခုနှစ်လောင်းရှိတယ်လို့ ယူဆရပေမယ့် လေယာဉ်အပျက်အစီးတွေရဲ့ အခြေအနေကြောင့် ဆယ်ယူလို့မရသေးပါဘူးလို့ ဆိုပါတယ်။ သေဆုံးသူသုံးယောက်ရဲ့အလောင်းတွေကိုတာ့ ဆယ်ယူထားပြီးဖြစ်ပါတယ်။
ကမ်းလွန်ပင်လယ်ပြင်ကနေ ၁၂ မိုင်အကွာမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လူ ၁၀ ယောက်လိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်အပျက်အစီးတွေဟာ နိုမီမြို့အရှေ့တောင်ဘက် ၃၄ မိုင်အကွာမှာ တွေ့ရှိခဲ့တာပါ။
လေယာဉ်ဟာ ရေဒါကနေမပျောက်ကွယ်မီ အမြင့်နဲ့ အရှိန်အလျင်အမြန်ကျဆင်းသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပေမယ့် မိသားစုကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အဟန့်အတားဖြစ်နေပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေမှာ ကိုးယောက်နဲ့ လေယာဉ်မှူးတယောက်တို့ ပါဝင်တယ်လို့ ပြည်နယ်လေကြောင်း အာဏာပိုင်တွေကပြောပါတယ်။
မကြာသေးမီကလည်း ဝါရှင်တန်ဒီစီမှာ စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင်လေယာဉ် တိုက်မိမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၇ယောက်သေဆုံးခဲ့ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW