ကျားဖြန့်ဂိုဏ်းတွေကို တယောက်မကျန်ဖမ်းဖို့ဆိုကာ BGFက နှိမ်နင်းရေး အထူးတပ်ဖွဲ့ဖွဲ့

ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
CC (VOM)
ကရင်ပြည်နယ်ထဲက ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ကူးသူတွေကို နှိမ်နှင်းဖို့ဆိုပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ကျားဖြန့်ငွေလိမ်ဂိုဏ်း၊လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
BGF ခေါင်းဆောင် တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ဗိုလ်မုတ်သုန်နဲ့ဗိုလ်တင်ဝင်းတို့ကို ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ သတင်းထွက်အပြီးမှာ BGF ဘက်က ကျားဖြန့်နှိမ်နင်းဖို့အထူးအဖွဲ့ ကိုဖွဲ့စည်းကြောင်းအသိပေးလာတာဖြစ်ပါတယ်။
ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူကလည်း မကြာခင်မှာ လူမှောင်ခို ကျားဖြန့်ဂိုဏ်းကို နှိမ်နင်းပြီး တယောက်မကျန်ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံကိုပြန်ပို့ပေးမှာဖြစ်ကြောင်း မီဒီယာအချို့ကိုပြောဆိုထားတာတွေ့ရပါတယ်။
“ လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ကျွန်တော် လည်း ဘာမှ အကျိုးစီးပွားမခံစားရဘူး။ သူတို့ လာပြီး မသမာတဲ့ စီးပွားရေးလုပ်တာ။ကျွန်တော် တို့က မြေငှားရမ်းခလောက်ပဲ ခံစားရတာ။ နောက်ဆုံးမှာ ကျနော်တို့ပဲ ဆိုးဆိုးဝါးဝါး နာမည်ပျက်သွားတာ။ ကျနော်တို့နိုင်ငံသားလည်း မဟုတ်ပါဘူး။ အဲဒါ ကျနော် လုပ်ပြပါမယ်” လို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားပါတယ်။
လက်ရှိဖွဲ့စည်းလိုက်တဲ့ ကျားဖြန့် လူမှောင်ခို နှိမ်နှင်းရေး အထူးတပ်ဖွဲ့မှာ ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိ ၊ ဖွဲ့ ၁ ခေါင်းဆောင် ဗိုလ်မှူးကြီး စွန်းထင်း ၊ အဖွဲ့ ၂ ခေါင်းဆောင် ဗိုလ်မှူးကြီး စောပါပီ ၊ အဖွဲ့ ၃ ခေါင်းဆောင် ဗိုလ်မှူးကြီး စောမောင်တူးတို့ ပါဝင်ပါတယ်။
BGF အနေနဲ့ အခုလို ကျားဖြန့် ငွေလိမ်ဂိုဏ်တွေကို နှိမ်နင်းပပျောက်အောင် အထူးတပ်ဖွဲ့ဖွဲ့ပြီး ဆောင်ရွက်မယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတွေကတော့ အလုံးစုံယုံကြည်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုထားပါတယ်။
” ရွှေကုက္ကိုလ်မှာ ကျားဖြန့်တွေရှိတယ်။လူမှောင်ခိုကူးတာတွေရှိတယ်ဆိုတာသူတို့နဂိုကတည်းကသိပြီးသားပါ။ဒါပေမယ့်ဘာလုပ်ခဲ့လို့လဲ။ဘာမှမလုပ်ခဲ့ဘူး။အခုလည်းထိုင်းက တော်တော်လေးကို ကြပ်လာလို့သူတို့စာထုတ်တာတွေ အဖွဲ့ဖွဲ့တာတွေလုပ်တာပဲ။အခုသူတို့ဘာတွေလုပ်မလဲ ဘယ်လိုအရေးယူမှာလဲ ဘယ်လောက်အထိ ထိရောက်အောင်လုပ်မလဲဆိုတာ ကျွန်တော်တို့မြဝတီဒေသခံတွေတင်မကဘူး ထိုင်းရော တနိုင်ငံလုံးကပါကြည့်နေတာ။လုပ်ရင်တောင်ဟန်ပြပဲနေလိမ့်မယ်။သူတို့မှာဒီလုပ်ငန်းတွေကရတဲ့ငွေတွေနဲ့ပဲ လည်ပတ်နေရတာ။” လို့ မြဝတီမြို့က လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်သူက ဝေဖန်သုံးသပ်ပြောပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့လူမှောင်ခိုကူးမှုတွေကို ရွှေကုက္ကိုလ်ဘက်မှာအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။
လက်ရှိမှာတော့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ၊ ဗိုလ်မုတ်သုန် နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ သက်သေအထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSIသက်သေမလုံလောက်ဘူးဆိုပြီး ပယ်ချလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Photo -CJ

Related posts

Leave a Comment

VOM News

FREE
VIEW