ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အလူမီနီယံဗူးများ စျေးကြီးလာပါက အမေရိကန်မှာ ကိုကာကိုလာအချိုရည်ကို ပလတ်စတစ်ဗူးနဲ့ ပိုမိုထုတ်လုပ်ရောင်းချရဖွယ်ရှိနေတယ်လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် James Quincey ကပြောပါတယ်။
ထရန့်ဟာ အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံတွေကို အခွန် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ အမိန့်ထုတ်လိုက်ပြီးနောက်မှာ အမေရိကန်မှာ စည်းသွတ်ဗူးနဲ့ သောက်သုံးကုန်တွေ စျေးတက်နေပါတယ်။
အဖျော်ယမကာကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ပိုးမှုမှာ ၅၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုလို့ရတဲ့ ရေရှည်တည်မြဲရေး ရည်မှန်းချက်တွေကို ၂၀၃၀ ခုနှစ်မှ စတင်ဖို့ ရည်မှန်ထားပေမယ့် လက်ရှိမှာတော့ ၂၀၃၅ ခုနှစ်ရောက်မှာ ၃၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။
ကိုကာကိုလာကို ကမ္ဘာ့ပလတ်စတစ်ညစ်ညမ်းမှု ထိပ်ဆုံးကုမ္ပဏီအဖြစ် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေက ခြောက်နှစ်ဆက်တိုက် သတ်မှတ်ထားခဲ့ပါတယ်။ သွင်းအားစုကုန်ကျစရိတ် မြင့်တက်နေတယ်ဆိုရင် အခြားထုတ်ပိုးမှုပုံစံတွေကို ရွေးချယ်ရတော့မယ်လို့ ကိုကာကိုလာ အမှုဆော်ငအရာရှိချုပ်က ပြောပါတယ်။
ကိုကာကိုလာဟာ သူ့ရဲ့စျေးကွက်ချဲ့ထွင်မှုနဲ့ရေရှည်တည်တံ့မှုဆိုင်ရာမဟာဗျူဟာတွေရဲ့ တစိတ်တပိုင်းအဖြစ် အလူမီနီယံနဲ့ ထုတ်ပိုးထားတဲ့ အချိုရည်ဗူးပုံစံတွေကို မကြာသေးမီနှစ်တွေအတွင်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီထုတ်ပိုးမှုပုံစံဟာ ပုံမှန်အားဖြင့် ကုန်ကျစရိတ်ကြီးမြင့်ပေမယ့် ရေရှည်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။
အမေရိကန်ဟာ နိုင်ငံတွင်းမှာ အသုံးပြုနေတဲ့အလူမီနီယံရဲ့ ထက်ဝက်နီးပါးကို တင်သွင်းနေရပါတယ်။ အခုလိုအခွန်ကြောင့် ဗူးခွံစျေးတွေပါမြင့်တက်လာမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်က အခုလိုအခွန်ကောက်ခံဖူးပေမယ့် ကိုကာကိုလာလို ကုမ္ပဏီတွေအတွက် တင်သွင်းမှုအခွန် ကင်းလွတ်ခွင့်ရရှိခဲ့ပါတယ်။
Ref:BBC
Photo:Getty Images