ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးအပါအဝင်သုံးယောက်ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ တိုက်ခိုက်မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မီးလောင်တဲ့ရာအိမ်မှူးအဖွဲ့ကတော့ ရပ်ကွက်တွင်းနေထိုင်သူတွေက မီးငြှိမ်းပေးတာကြောင့် ဒဏ်ရာသာရရှိပြီး အသက်မသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“နေ့ခင်း ၁၂ နာရီခွဲလောက်မှာရာအိမ်မှူးရယ်၊ဆယ်အိမ်မှူးအမျိုးသမီးရယ် ဘော်လန်တီယာတယောက်ရယ် စာရင်းသွားကောက်တယ်။သန်းခေါင်စာရင်းထဲကအတိုင်း အိမ်မှာ နေလား ဘာညာ ကောက်တာလို့ပြောတယ်။ အဲဒါကို ဓာတ်ဆီနဲ့ရှေ့ရောနောက်ရော ပက်ပြီးမီးရှို့သွားတာ။အစကရေနဲ့ပက်တယ်ထင်တာတဲ့မီးရှို့မှ နောက်မှဓာတ်ဆီနဲ့ပက်တာမှန်းသိတာ။မီးလောင်တာမှာဆယ်အိမ်မှူးအမျိုးသမီးကတခြမ်းလုံးလောင်တယ်။” လို့ ဒေါပုံမြို့နယ်က လူမှုကူညီရေးအဖွဲ့ဝင်တယောက် ကပြောပါတယ်။
ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရသူတွေကတော့ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ဘော်လန်တီယာအဖြစ်လိုက်ပါသူအမျိုးသမီး တယောက်တို့ဖြစ်ကြောင်း၊ ရာအိမ်မှူးမှာတကိုယ်လုံးမီးလောင်ပြီး ဒဏ်ရာများတယ်လို့သိရပါတယ်။
အိမ်ရှင်အမျိုးသားကတော့ ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ပြီးကတည်းက နေအိမ်ကနေ ထွက်ပြေးသွားတယ်လို့သိရပါတယ်။
” လုပ်ပြီးတာနဲ့တန်းပြေးသွားတာပဲ ။စာရင်းကောက်ရုံနဲ့တော့ ခုလောက်ထိဖြစ်မယ်မထင်ဘူး ကိုယ့်စိတ်နဲ့တွေးကြည့်တာလေ ။ဒီတိုင်း စာရင်းကောက်ရုံနဲ့တော့ မလုပ်လောက်ဘူး။သူကဘာတွေ ပြောလဲဆိုတာလည်းကိုယ်ကမှအတိအကျမသိရတော့ မပြောတတ်ဘူး။ ” လို့ ရပ်ကွက်နေထိုင်သူကပြောပါတယ်။
လက်ရှိမှာ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့အမျိုးသားကို ရဲစခန်းမှာအမှုဖွင့်ထားပြီး ကျူးလွန်ခဲ့တဲ့ အိမ်ရှင်အမျိုးသားကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
Photo – လူမှုကူညီရေးအဖွဲ့