ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
CC (VOM)
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာမှာ စစ်လက်ကျန်ဗုံးသီးတလုံးပေါက်ကွဲပြီး နှစ်ယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကညနေ ၃နာရီလောက်မှာ ဗုံးသီးပေါက်ကွဲမှုဖြစ်သွားတာ။ဖြစ်တာက အခုဒဏ်ရာရတဲ့အထဲကကောင်လေးက ဗုံးသီးကိုကောက်တွေ့လို့ယူလာပြီး ရွာရောက်တော့ သူတို့သူငယ်ချင်းတွေစုပြီး ဗုံးသီးကိုထုကြည့်ကြရာကနေ ပေါက်ကွဲပြီးခုလိုတွေဖြစ်ကုန်တာ။နှစ်ယောက်ကတော့နေရာမှာတင်ပွဲချင်းပြီးပဲ။ကလေးတွေလည်းမဟုတ် ဘဲ ခုလိုဗုံးသီးကိုထုကြည့်တာအရမ်းမိုက်မဲတယ်။မဖြစ်သင့်တာတွေဖြစ်ကုန်ရပြီ။” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးတွေက အသက် ၂၀ အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ်အမျိုးသားနှစ်ယောက်၊၁၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
မောင်တောမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး တယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သုံးယောက်သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ စစ်လက်ကျန် ဗုံးသီးတွေ၊ မြေမြုပ်မိုင်းတွေနဲ့ မပေါက်ကွဲပဲကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ဆန်တွေ တွေ့ ရှိပါက ဒေသခံပြည်သူတွေအနေနဲ့ အဝေးမှရှောင်ရှားရန်နဲ့ ထိတွေ့ကိုင်တွယ်ဆော့ကစားခြင်းမလုပ်ရန် ဒေသခံပြည်သူတွေကို စစ်ရှောင်အရေးကူညီပေးနေသူတွေက ပညာပေး လုပ်ငန်းတွေ ဆောင်ရွှက်နေပေမယ့် လည်း ဗဟုသုတအားနည်းမှု ကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo -CJ