ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
SS (VOM)
ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းဖြစ်တဲ့ ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ISO 17025 ရရှိနိုင်အောင်အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီဂရမ်နဲ့ သွားတဲ့စနစ်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်း ISO 17025 ရရှိအောင် အသင်းအနေနဲ့ ဆောင်ရွက်နေပါတယ်။ ရွှေနဲ့ ငွေ စံချိန်စံညွှန်း ဓာတ်ခွဲခန်းဆိုပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စက်တွေဝယ်မယ်။ ဝယ်ပြီးရင် ISO 17025 လျှောက်မယ်။ အမေရိကန်က စစ်ဆေးရေးအဖွဲ့တွေလာမယ်။ သူတို့က ကမ္ဘာ့အသိအမှတ်ပြု စံချိန်စံညွှန်း ပေးတဲ့အခါမှာ ကျွန်တော်တို့ကလည်း ဒီဘက်မှာပြန်ပြီးတော့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှာ လိုင်စင်လျှောက်ပြီးရင် ကျွန်တော်တို့လည်း နိုင်ငံတကာကို certificate ပေးလို့ရတဲ့အဆင့်လောက် ရောက်သွားပြီပေါ့။ အဲဒါလည်း မကြာခင်ဖြစ်လာမှာပါ။ အခု လောလောဆယ်တော့ ဆောင်ရွက်ဆဲပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိမှာ ကုမ္ပဏီမှတ်ပုံတင်ကိစ္စ ဆောင်ရွက်နေတဲ့အပြင် ဓာတ်ခွဲခန်းမှာ ထားရှိဖို့ စက်တွေကိုလည်း ရွေးချယ်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
“အမေရိကန်က ဘာစက်နဲ့ ချိန်တွယ်တာကို ကြိုက်သလဲ၊ အခုတော့ အဲဒီလို စက်တွေဘာတွေ ရွေးချယ်တဲ့အဆင့်အထိ ရောက်နေပြီ။ ISO လက်မှတ်ရရှိဖို့က ဘယ်တော့လောက်ဖြစ်မလဲ ဆိုတာတော့ လာစစ်တဲ့အဖွဲ့တွေအပေါ်မှာပဲ မူတည်တယ်။ သူတို့ မြန်မြန်လာနိုင်ရင်တော့ မြန်မြန်ပြီးမှာပေါ့။ သူတို့ ကြာရင်တော့လည်း ဒီကိစ္စက နည်းနည်းကြာမယ့်သဘော ရှိတယ်။ ကျွန်တော်တို့ကတော့ အသင်းအနေနဲ့ certificate ထုတ်ပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ISO အဖွဲ့နဲ့ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ဆိုင်တွေမှာရှိတဲ့ စက်အသေးလေးတွေနဲ့ပဲ ဆော့ဖ်ဝဲတွေပြောင်းပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
စံချိန်စံညွှန်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော ပြောင်းလဲသတ်မှတ်လိုက်တဲ့ ရွှေအလေးချိန်ဟာ ၁၉၆၇ ခုနှစ်ကတည်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးသား ဖြစ်တာကြောင့် ဒီဥပဒေဟာ အရင်ကတည်းက ရှိထားပြီးသားဖြစ်တယ်လို့ ရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။
“အခု ပြင်ပဈေးကွက်မှာ ရောင်းကြ၊ ဝယ်ကြတဲ့အခါကျတော့ အချိန်အတွယ်က တမျိုးဖြစ်နေတာပေါ့။ အဲဒါကို တနိုင်ငံလုံး တပြေးညီဖြစ်သွားအောင်၊ နောက် ဗဟိုဘဏ်မှာလည်း အရောင်းအဝယ်လုပ်တဲ့ အခါမှာ ၁၆ ဒသမ ၃၂၉၃၂၅ နဲ့ပဲ သုံးတယ်။ အခုလည်း အဲဒီ အလေးချိန်နဲ့ပဲ သွားတာပါပဲ။ အရင်တုန်းက ဈေးကွက်ထဲမှာတော့ ၁၆ ဒသမ ၆၀၆ ။ အခုကျတော့ နည်းနည်း လျော့သွားတာပေါ့။ အဲဒီတော့ တဆယ်သား အတုံးတွေကျတော့ အလေးချိန် ပြန်ပြောင်းရမယ်။ တကျပ်သားကို နှစ်ရွေးလောက်တော့ ကွာသွားတာပေါ့” လို့ သူက ပြောပါတယ်။
အခုလို အချိန်အတွယ် ပြောင်းသွားတဲ့အခါမှာ တကျပ်သားကို နှစ်ရွေးလောက် လျော့သွားတဲ့အတွက် ရွှေပိဿာချိန် ၁၀ ရှိတဲ့သူက ၁၂ ပိဿာ ဖြစ်သွားနိုင်ကာ ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းလာနိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရွှေမှာ အမြတ်အစွန်း ဆိုတာက ရွှေတိုးမှမြတ်တာ။ အရောင်းအဝယ်က ဒီနေ့ ဈေးတက်လို့ ရောင်းလိုက်တယ်။ နောက်နေ့ ဈေးထပ်တက်တယ်။ ထပ်ရှုံးတာပဲ။ ဈေးတက်ရင် လုပ်ငန်းက ရှုံးတာပဲ။ တနှစ်ပြည့်လို့ ၁၀ ပိဿာနဲ့ ရောင်းထားတဲ့ ဆိုင်က ၁၂ ပိဿာဖြစ်နေရင် နှစ်ပိဿာ မြတ်တယ်ပေါ့။ အဲဒီတော့ ရွှေတိုးမှ မြတ်တာပါ။ ဈေးတက်တာက အမြတ်မဟုတ်ပါဘူး။ အရှုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို အားလုံး လက်ခံတဲ့သဘော ဖြစ်ပါတယ်။ နောက် နိုင်ငံတကာနဲ့လည်း ကမ္ဘာ့စံချိန်မီ လုပ်တာဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း ဒီ ဂရမ် အလေးချိန်နဲ့ပဲ ရောင်းလို့ဝယ်လို့ ရသွားမယ့် အခြေအနေတွေ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အခုလို ဒီကနေ့မှာ ရွှေအလေးချိန် စတင် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်လို့ လက်ရှိ ဈေးကွက်ထဲမှာတော့ ဆိုင်တွေအားလုံးက ရွှေဈေး မဖွင့်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“အကယ်ဒမီကတော့ ဒီနေ့ စထွက်ပြီ။ ဈေးကွက်ထဲမှာတော့ ဆိုင်တွေကတော့ ဒီနေ့ ဈေးမဖွင့်သေးဘူး။ ဈေးဖွင့်လို့ရှိရင် အခုသတ်မှတ်ထားတဲ့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ဖွင့်မလား၊ အရင် ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့ဖွင့်မလား၊ ဖွင့်တဲ့အချိန်ကို တချက် စောင့်ကြည့်နေကြတယ်။ ဒီရဲ့ အကျိုးသက်ရောက်မှုကတော့ ဘာမှမဖြစ်ပါဘူး။ အလေးချိန်တွေ ပြောင်းသွားတာပဲ ရှိတာပါပဲ” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
အကယ်၍ စနစ်သစ်နဲ့ဈေးဖွင့်မယ်ဆိုရင် ရွှေဈေးက လက်ရှိပေါက်ဈေးထက် တသိန်းတသောင်း လျော့သွားနိုင်တာကြောင့် အရင် ဝယ်ထားတဲ့သူတွေအတွက် အလေးချိန် တိုးသလိုဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။
“အရင်ဝယ်ထားတဲ့သူတွေ လာပြန်ရောင်းရင်တော့ သေချာ ချိန်တွယ်ဖို့ လိုတာပေါ့။ ပြန်မချိန်ဘဲနဲ့ အရင် ရေးပေးထားတဲ့ အလေးချိန်အတိုင်း ရောင်းလိုက်ရင်တော့ သူတို့ နစ်နာသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုလို ရွှေအလေးချိန်စနစ် ပြင်ဆင်မယ်ဆိုရင် အရင်စက်တွေက အလေးချိန်သတ်မှတ်ချက် တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ဒါကိုပြောင်းလဲဖို့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပြင်ဆင်စရိတ် ကျပ် တသိန်းကျော် ကုန်ကျမှာဖြစ်ပြီး ကုမ္ပဏီမရှိတဲ့ စက်တွေကတော့ ပြင်လို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေအသင်းကတော့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ ညီမျှတဲ့ ကျပ်၊ ပဲ၊ ရွေး စနစ် ပြောင်းလဲထားတဲ့ ရွှေချိန်စက်တွေ ဝယ်ယူနိုင်ပြီး ၁၅ ရာခိုင်နှုန်းအထိ Discount ရရှိနိုင်ကာ ဝယ်ယူလိုပါက ဖုန်းနံပါတ် ၀၉၅၅၇၇၁၂၃ နဲ့ ၀၉၅၅၉၉၁၂၃ တို့ကို ဆက်သွယ် မေးမြန်းနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။
Photo:CJ