ဖေဖော်ဝါရီ ၁၄ – ၂၀၂၅
GG (VOM )
ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြားက မစောတံတားမှာ ထိုးထားတဲ့ ယာယီဘေလီတံတားကို ဖြုတ်ချလိုက်တာကြောင့် မြေသားလမ်းကနေသာ ကားတွေသွားလာနေရတဲ့အတွက် ကားအစီးရေအများအပြား ပိတ်မိပြီး ခရီးသွာတွေ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ဘေလီတံတားထိုးထားတာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစပြီး ဖြုတ်ချလိုက်တာဖြစ်ကြောင်း ၊ အဲဒီနေ့ကတည်းက ကားတစီးသာသွားလာလို့ရတဲ့ မြေသားလမ်းကနေ ကားအားလုံးသွားလာနေရတာကြောင့် မစောတံတားရဲ့တဖက်တချက်လမ်းမတလျှောက်မှာ ကုန်ကား၊ခရီးသွားကား၊အိမ်စီးကားတွေ နာရီကြာမြင့်စွာပိတ်မိနေကြပြီး ညအိပ်စောင့်တန်းစီရတဲ့အထိပင် ကားပိတ်မှုဆိုးရွားနေတယ်လို့သိရပါတယ်။
” မနက်ရောက်တဲ့ကားကတော့ညနေလောက်ဆိုလွတ်တယ်။ကျွန်တော်ဖြတ်လာတာ မနက် ၁၁ နာရီတန်းစီတာ ညနေ ၅ နာရီမှလွတ်တယ်။ကားက အခုမြေသားလမ်းက ကားတစီးပဲသွားရတယ်။ အဲဒါကိုဟိုဘက်ဒီဘက်မျှသွားနေရတာ။ဒီကြားထဲကားတွေကစည်းကမ်းမရှိမောင်းကြတော့ပိုပိတ်ကုန်တယ်။ဒီတံတားအသေးလေးကိုတောင်ခုထိသူတို့ မထိုးနိုင်ကြဘူး။အခုကားတွေတော်တော်ပိတ်တယ်။စားစရာရေမပါရင်ဒုက္ခရောက်မယ်။ညနေမှ မစောတံတားဖြတ်ရမယ်ဆိုရင်အဲဒီမှာညအိပ်စောင့်ရမှာပါ။”လို့ မစောတံတားဖြတ်လာသူကပြောပါတယ်။
ဘေလီတံတားကို ဖြိုချလိုက်ပေမယ့် ခုချိန်ထိ တံတားအသစ်တည်ဆောက်မှုလုပ်ငန်း စတင်ဆောင်ရွက်တာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။
မစောတံတားကိုအမြန်ဆုံး အသစ်ပြန်လည်တည်ဆောက်နိုင်မှသာ ကားပိတ်ဆို့မှုအခြေအနေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ၊ဒါကြောင့် တံတားတည်ဆောက်နေစဥ်အတွင်း ယခုကြုံနေရတဲ့ကားပိတ်ဆို့မှုကို ဖြေရှင်းပေးဖို့လိုအပ်နေတယ်လို့သိရပါတယ်။
” ဘေလီတံတားတော့ဖျက်လိုက်ပြီ။ခုထိကျ တံတားဆောက်ဖို့လုပ်တာမတွေ့ရသေးဘူး။ တံတားဆောက်တာဘယ်လောက်ကြာမယ်မသိဘူး။ဒီကြားထဲ ဒီမြေသားလမ်းကနေပဲသွားနေရရင် ကားပိတ်တာပိုဆိုးဖို့ပဲရှိတယ်။အခုတောင်မစောင့်နိုင်လို့ လှည့်ပြန်သူတွေအများကြီးပဲ။တခုခုတော့လုပ်ပေးမှရမယ်။ခုလည်းပိတ်မိနေတာအများကြီးပဲ။ကားက တော်တော်များတယ်။ “လို့ လက်ရှိ မစေါတံတားမှာကားပိတ်မိနေသူကပြောပါတယ်။
မစောတံတားကို ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က မိုင်းခွဲခံရပြီးတံတား ထက်ပိုင်းကျိုးကာပျက်စီးခဲ့ရသလို လူသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရမှုရှိခဲ့ပါတယ်။
အဲဒီနောက် ဖျက်ဆီးခံရတဲ့ မစောတံတားဘေးမြေသားလမ်းကနေ ကားတွေ သွားရတဲ့အတွက် ကားတွေပိတ်မိတာကြောင့် ဇွန်လမှာ ယာယီဘေလီတံတားကိုအပြီးသတ် ထိုးပေးခဲ့ကာ.ကားတွေဖြတ်သန်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Photo – CJ