ဖေဖော်၀ါရီ ၊ ၁၅ ၊၂၀၂၅
ကျော်ဟိန်း( VOM)
စစ်ကိုင်းတိုင်း ၊ ရွေဘိုမြို့နယ်နဲ့ ၀က်လက်မြို့နယ် အစပ်က ကံကြီးတော ကျေးရွာမှာ ဓမ္မတာ၀န်တွေကို ထမ်းဆောင်နေတဲ့ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး တပါး မနေ့ကညမှာ သတ်ဖြတ်ခံရတဲ့ကိစ္စ လူ၂၀ ကျော် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဘုန်းတော်ကြီး အသတ်ခံရတဲ့ ဖြစ်စဥ်မှာ လတ်တလော သံသယရှိသူ လူ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေ တယ် ” လို့ပြောပါတယ်။
ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သူတယောက်ပြောတာကတော့
“ကက်သလစ် ဘုန်းတော်ကြီးကို သတ်တဲ့ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ယောက်ကို ရွှေဘိုခရိုင်တပ်ရင်း ၅ က ဖမ်းဆီးထားတယ်လို့ ကြားသိရတယ်” လို့ဆိုတဲ့အတွက် ဘယ်သူပြောတာ မှန်မလဲဆိုတာ VOM အနေနဲ့ သီးခြားအတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။
မုံရွာက ခရစ်ယာန်ဘာသာဝင် တယောက်ပြောပြတာက
” အသတ်ခံရတဲ့သူက ခရစ်ယာန် ဘုန်းကြီးကျောင်းမှာ သာသနာပြုနေတဲ့ ဘုန်းကြီးတပါးဖြစ်တယ် ၊ သူ့ရဲ့အသက်က သက်တော် ၄၄ နှစ် ၊ ၀ါတော် ၇ နှစ် လို့ ကနဦး သိရတယ် ၊ သူက မန္တလေး သာသနာကနေ ကံကြီးတောရွာမှာ သာသနာပြုနေတာ ၊ သူက ဘာနိုင်ငံရေး မှ အရောင်အသွေး မရှိဘူး ၊ စိတ်ထားကောင်းတယ် ၊ သူ့နာမည်က မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin) ဖြစ်တယ် ၊ ဘယ်သူတွေက အခုလို ဘာကြောင့် သတ်ဖြတ်သလဲဆိုတာ အခုထိ မသိရသေး ဘူး ” လို့ မုံရွာ သာသနာပိုင် တာ၀န်ရှိသူတေယာက်က ပြောပါတယ် ။
ကံကြီးတောကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်တုန်းက ကျေးရွာကို မီးရှို့ခံရပြီးနောက် လူတချို့က နေရပ်စွန့်ခွာသွားကြတယ်လို့ သိရပါတယ်။
အရင် ရွေဘိုခရိုင်နယ်ထဲမှာ ခရစ်ယာန် သာသနာပြုကျောင်းတွေထဲက ရေဦးနဲ့ တန့်ဆည်နယ်ထဲက ချောင်းရိုးနဲ့ ချမ်းသာရွာက သာသနာပြုကျောင်းတွေ မီးရှို့ ဖျက်စီးခံရတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ရွှေဘိုခရိုင်မှာ သတ်ဖြတ်ခံရတဲ့ ဆရာတော် သံဃာတော် ၂၀ ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ ခရစ်ယာန် ဘုန်းကြီးတွေလည်းပါ၀င်နေတယ်လို့ သိရပါတယ်။