ဆူးငှက်
ကျွန်တော့်တွင် သား၂ယောက်ထွန်းကားခဲ့သည်။ အကြီးက ၁၉၈၅ခုဖွား သူရိန်ထွန်းနှင့် အငယ်က ၁၉၈၉ခုနှစ်ဖွား အောင်ပိုင်စိုး တို့ ဖြစ်သည်။ သို့သော် အိမ်နာမည်အနေနှင့် အကြီးကို ဖိုးသား၊ အငယ်ကို ဖိုးခွားဟုပဲ ခေါ်ကြသည်။ အိမ်သို့ရောက်လာသော ဆွေမျိုးတိုင်းက ဖိုးသားနှင့် ဖိုးခွားကို တွေ့တိုင်း ဟ.. ငါ့ကောင်တွေက လူပျိုဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့ ဟု ပြောကြသည်။ ထိုသို့ ပြောကြသူတွေ များလာတော့ အစက မသိလိုက် မသိဖာသာပေမယ့် နောက်တော့ ထိုစကားသံကို ကြားရမှာ ကြောက်လာတော့သည်။ သားရှင်ပြု ဘုရား ဘုရား.. ကိုယ့်မှာက နေ့ဖို့ညစာ လောက်ငှရုံပဲ ရှိသေးသည်။ အပို မရှိ။ စုဆောင်း ထားတာ လည်း မရှိ။ ကြိုထုတ်လို့ရသည့် လုပ်အားခလေးများနှင့် ခြစ်ချုပ်စုပါမှ ၁သောင်းခွဲ ၂သောင်းလောက် အလွန်ဆုံးပေါ့။ သည်ငွေလေးနှင့် သား၂ယောက်ကို ဘယ်လိုလှူရပါ့။ ထိုအလှူ ကိစ္စ စဉ်းစားမိတိုင်း ပြာသို တပို့တွဲ မန္တေလးဆောင်း မနက်ခင်း နှင်းတောထဲ မှာ ချွေးပြန် နေတော့သည်။
မှတ်မှတ်ရရ ထိုနေ့က ၁၉၉၇ခုနှစ် နှစ်ဆန်း ဇန်နဝါရီလလယ်လောက် ဖြစ်မည်။ ပြာသိုကလည်း လပြည့်လုနီးချိန်ပေါ့။ မနက်လင်း ခင်သော်ဇင်ဈေးကပြန်လာချိန် ကျွန်တော်လည်း စက်ဘီးလေးဆွဲပြီး လက်ဖက်ရည်ဆိုင် သွားရန် ထွက်လာသည်။ ၂၆ဘီလမ်း ကျုံးဘေးအရောက် မဆီမဆိုင် “ဟ.. ငါ့ကောင်တွေက လူပျိုဖြစ်တော့မှာဟ၊ မောင်ကျော်ဆန်း သားယောက်ျားလေးတွေ မွေးထားတော့ ရှင်ပြု အလှူလုပ်ဖို့ တာဝန်ရှိလာပြီဟေ့” ဟူသော ဆွေမျိုးများအသံကို သတိရကြားယောင်လာသည်။ တစ်ဆက်တည်းပင် ကျွန်တော့်မှာ ခြစ်ချုပ်စုထားသည့် ငွေလေး ၁သောင်းခွဲ ၂သောင်းလောက်ကိုလည်း သတိရလာသည်။ ထိုကြောင်းချင်းရာ ၂ခုကို ဆက်စပ်မိတော့ စိတ်ထဲမှာ ရုတ်ချည်းပေါ်လာသည်က တစ်နေရာသို့ မဖြစ်မနေ သွားရောက်မည်ဟူသော ဆုံးဖြတ်ချက် ဖြစ်ပါ၏။ ထို့ကြောင့် မင်္ဂလာလမ်းရောက်သည်နှင့် တောင်ဘက်ချိုး၊ အေလမ်းရောက်တော့ အနောက်ဆင်း ကာ စက်ဘီးလေး တစ်စီးနှင့် ခရီးရှည်လိုက်တော့၏။ အမရပူရ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက် ဆီ..။
ကျွန်တော်က တောင်လေးလုံးကျောင်းသို့ စက်ဘီးလေးစီးရင်း သားတွေကို ရှင်ပြုခြင်းမတိုင်မီ သူတို့ကျောင်းမနေမီ အရွယ်က သူတို့ကို ချော့မော့ ထိန်းကျောင်းရသည့် ကာလများဆီ သတိရမိနေသည်။ သားအကြီးနှင့် အငယ်က ၄နှစ်လောက်ခြားသည်။ အငယ်မမွေးမီ သားကြီးက အိမ်မှာ အဘိုးအဘွားနှင့် အဒေါ်များ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာ သူ့ကို ထိန်းကျောင်း ဂရုစိုက်သူချည်း ဖြစ်သည်။
တောင်လေးလုံးကျောင်းပေါက်ရောက်တော့ စက်ဘီးလေးရပ်ပြီး အဝင်ပေါက် ဘယ်ဘက်ဘေးက တမာပင်လေး အရိပ်မှာ ထိုးလိုက်သည်။ အသံကြားလို့ ဆရာတော်ဦးပညာ ၏ ညီ ဖြစ်သူ ကိုစိန်ထွန်းက ကျောင်းဆောင်ပြတင်းက ခေါင်းပြူကြည့် ရင်း “ဟာ.. ကိုဆူး.. လာဗျ၊ နောင်တော်က ဒီမှာ ဆွမ်းဘုန်းပေးနေတာ၊ ဝင်ခဲ့ပါ..” ဟု ခေါ်သည်။ ကျွန်တော်က လက်အုပ်ချီကာ ကျောင်းထဲ ဝင်၍ ဆွမ်းဘုန်းပေးနေသော ဆရာတော်ကို ကန်တော့သည်။ ဆရာတော်က ရတယ်၊ ရတယ်။ ဆူးငှက် သက်သက်သာသာ နေ၊ ထမင်းစားပြီးမှ ပြန် ဖြည်းဖြည်းပေါ့၊ ဟင်းလေးချက်တွေ ရှိတယ်။ ဦးဝင်းတင် ထောင်ဝင်စာဖို့ ကိုမောင်မောင်ခင်နဲ့ သူကြိုက်တဲ့ ဟင်းလေးချက် ထည့်ပေးလို့ အများကြီးချက်ထားတာ ဟု ဆရာတော်က ဆွမ်းကို လက်စသတ်ရင်း မိန့်သည်။
ကျွန်တော်တို့လည်း ဝက်သားဟင်းလေးချက် ငရုတ်သီးငပိကြော် ကုလားပဲနှပ် မှန်ရောင်ဟင်း နှင့် ထမ်းစားပြီးနောက် ကျောင်းဘေးက စက္ကူပန်းရုံအောက် သီတင်းသုံးနေသော ဆရာတော့် ဘေးက ခုံမှာထိုင်သည်။ ဆရာတော် ဒကာမကြီး နေကောင်းရဲ့လား၊ ကိုညို (ဆရာညီပုလေး) ရှိရာ သရက်ကို ဒကာမကြီးကိုယ်တိုင် ထောင်ဝင်စာ သွားတယ်ဆို၊ အဆင်ပြေရဲ့လား စသည်ဖြင့် ဆရာတော် သံယောဇဉ်ကြီးလှသည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ကျန်းမာရေးကိူမေးသည်။ တကယ်တော့ ဆရာတော်က မေးမယ့်သာမေးတာ၊ ဆရာတော်ကျုယ်တိုင် သူ့တပည့်၏ မာဇဒါလေးဘီးကားလေးနှင့် တစ်ပတ်တစ်ကြိမ်လောက် လူထုတိုက်သို့ ရောက်လာပြီး ဒေါ်ဒေါ့်ကို အားပေး စောင့်ရှောက်နေကျ ဖြစ်ပါ၏။ ကျွန်တော်က ဒေါ်ဒေါ် ကျန်းမာကြောင်း ၊ သရက်က ပြန်လာပြီဖြစ်ကြောင်းများလျှောက်ပြီး ကျွန်တော့ လာရင်း ကိစ္စကို ထပ်မံ လျှောက်ထားရသည်။
“ ဘုန်းဘုန်း.. တပည့်တော် သားတွေ လှူမလို့ ဘုရာ့”
“ ဟ.. ကောင်းသကွ၊ သား တွေက ဘယ်အရွယ်တွေ ရောက်ကြပြီလဲ..”
“ အကြီးက ၁၂နှစ်၊ အငယ်က ၈နှစ်ဘုရာ့”
“ အေး.. ဒီအရွယ်တွေက အနေတော်ပဲ၊ နောက်နှစ်တွေဆို အကြီးက လူပျိုပေါက် ဖြစ်လိမ့်မယ်၊ အခု လှူတော့ကွာ”
“ တင်ပါ့ ဘုရာ့၊ တပည့်တော်က ဘုန်းဘုန်းကျောင်းမှာပဲ လှူမလို့ ဘုရာ့”
“ ဟာ..၊ ကောင်းတာပေါ့ကွ၊ ဒို့စာပေသမားတွေ ထူးဖိတ်စရာ မလိုတော့ဘူးပေါ့၊ အကုန်ဖိတ်ကွာ၊ ဒို့ ဆုံရအောင်..”
“ တင်ပါ့၊ ဒါပေမယ့် ဘုရာ့..”
“ဘာ ဒါပေမယ့်လဲကွ၊ ဒီမှာလုပ်ရင် အကုန်လာကြမှာပဲလေကွာ..”
“ ဒါပေမယ့် ဆိုတာက တပည့်တော်မှာ လှူဖို့ ပိုက်ဆံက ၁သောင်းခွဲ ၂သောင်းလောက်ပဲ ရှိလို့ဘုရား အကျဉ်းလေးချုံ့ပြီး လှူချင်တာပါ ဘုရာ့”
“ ဟာ.. ပိုက်ဆံ ၁သောင်းခွဲ ၂သောင်းဆို နည်းလားကွ၊ ငါ့ဆီမှာ သာဝတ္ထိက လှူထားတဲ့ ဆန်တွေရှိတယ်ကွာ၊ ဆီတွေလည်း ရှိတယ်၊ ငရုတ်ကြက်သွန် အစုံရှိတယ်။ ဘုန်းကြီးတွေလှူဖို့ သင်္ကန်းတွေ ဖိနပ်တွေ ယပ်တွေ သပိတ်တွေလည်း အများကြီး၊ ဘယ်နှပါး ပင့်မလဲ၊ လှူဖို့ အစုံရှိတယ်။ ဘုန်းကြီး ဆွမ်းကပ်ဖို့လည်း ချက်ဖို့ပြုတ်ဖို့ ရှိပြီးသား၊ မင်းက ကန်တော့ပွဲ တပွဲ၊ ရှင်ငယ်သင်္ကန်း ၂စုံနဲ့ ပရိသတ်ကျွေးဖို့ ငါးခြောက်လေးနည်းနည်းပဲ ဝယ်ရုံပဲ။ မင့် ပိုက်ဆံ ၂သောင်းသုံးပါလေ့ကွာ၊ ကဲ..”
“ အရှင်ဘုရား ဖြစ်ပါ့မလားဘုရာ့”
“ဘာ့လို့ မဖြစ်ရမှာလဲ၊ အဲ့ဒါတောင် မင့်အလှူ မြောက်အောင် ငါက ဝယ်ခိုင်းတာ၊ မင်းတစ်ပြားမှ မထုတ်လဲ ရပါတယ်ကွ၊ လှူဖြစ်ဖို့ အရေးကြီးတာ၊ ကဲ.. ဘယ်တော့ လှူချင်လဲ ပြောကွ”
“ ဘုန်းဘုန်းပဲ နေ့နာမ် တွက်ချက် ရွေးပေးပါဘုရာ့”
“ ဟာ.. လှူတာကို ရက်ရာဇာ ပြဿဒါးရွေးနေဦးမှာလား၊ မောင်စိန်ထွန်း ဒီနေ့ ပြာသိုလပြည့်ကျော် ၄ရက်မို့လား (တင်ပါ့ဘုရား) အေး ဒါဆို လာမယ့် တပိုတွဲလပြည့်နေ့ လှူကွာ၊ မှတ်ရတာ လွယ်အောင်၊ ဟုတ်ပြီလား ဆူးငှက်၊ ကိုင်း မင့်အလှူအောင်ပြီ၊ စိတ်ချလက်ချနေတော့၊ ဘုန်းကြီး၁၀ပါးပင့်မယ်ကွာ၊ ဂန္ဓာရုံက နာယကချုပ်နဲ့ နာယက အနုနာယကတွေချည်း ပင့်မယ်၊ ငါရော ၁၁ပါးပေါ့ကွာ။ ဆွမ်းကပ်မှာပဲ ဝက်သားဟင်းလေးချက် အမဲနှပ်နဲ့ ကြက်သား ထည့်မယ်၊ အဲ့ဒါ ငါ့တာဝန်ထား၊ ပရိသတ်အတွက် ငါးခြောက်ထိုးကွာ၊ ငရုတ်သီးကြော်ကွာ ပဲတီချဉ်ကွာ၊ ကုလားပဲနှပ်နဲ့ မှန်ရောင်ဟင်းချိုကွာ၊ အချိုပွကြ ဘူးသီးကြော်ထည့်မယ်။ အဲ့ဒီမှာ မင်းက ငါးခြောက်ပဲဝယ် ကျန်တာ ကျောင်းမှာ အစုံရှိပြီးသား၊ ကိုသောင်းစိန်ကိုပဲ လွှဲလိုက်မယ်။ အေး မင်းက ရှင်ငယ်သင်္ကန်း ၂စုံပဲဝယ်ခဲ့တော့၊ ကိုင်း မင်းအလှူ အောင်ပြီလေ၊ အေး.. ဒီကြားထဲ တပို့တွဲ လဆန်းမှ မင်းလာခဲ့တော့၊ လိုတာလေးတွေ ထပ်စီစဉ်ကြတာပေါ့ကွာ”
“ တင်ပါ့ဘုရာ့၊ ဒါဆို တပည့်တော် တပို့တွဲ လပြည့်ကို သတ်မှတ်လိုက်ပါပြီဘုရာ့၊ တပည့်တော် စီစဉ်စရာရှိတာ စီစဉ်ပါတော့မယ် ဘုရာ့” ဟု လျှောက်က ဝတ်ချ ကန်တော့ပြီး ပျော်ရွှင်စွာ ပြန်ခဲ့ပါတော့၏။
အိမ်ရောက်သည်နှင့် လာမည့်တပို့တွဲ လပြည့်နေ့တွင် တောင်လေးလုံးကျောင်း၌ သား၂ယောက်ကို လှူမည်၊ ဆရာတော်နှင့် အားလုံးစီစဉ်ခဲ့ပြီဟု အမေ့ကိုရော ဇနီးဖြစ်သူကိုရော ပြောပြတော့ အမေက ရင်သပ်ပြီး ဟောတော် ဟောတော်နှင့် အံံသြနေသည်။ ဇနီး က ကျွန်တော့်မှာ ပိုက်ဆံမရှိမှန်းသိတော့ တိုင်တိုင်ပင်ပင် မလုပ်ဘဲ ချက်ချင်း ဆုံးဖြတ်ခဲ့လို့ အဆင်မပြေမှာပဲ သူက စိုးရိမ်နေ၏။ ကျွန်တော်ကတော့ ဆရာတော့် စကားများကြောင့် မပူပန်တော့ပြီ။
ကျွန်တော့် အလှူ အစီအစဉ်ကို ဒေါ်ဒေါ် လူထုဒေါ်အမာကိုလည်း မမဒေါ်တင်ဝင်းက တဆင့် အသိပေးထားပါသည်။ ဒေါ်ဒေါ့်ကို အသိပေးခြင်းက မိဘကဲ့သို့ ဦးထိပ်ထားကာ အမှူးပြုခြင်းဖြစ်ပါ၏။ ထို့ပြင် အောင်တော်မူ ဦးမျိုးခင်ခြံတွင် မနက်တိုင်း ဆုံနေကျ ဦးမျိုးခင်(ထန်းရိပ်ညို)နှင့် ဆရာညိုထွန်းလူ၊ ဆရာသိုက်ထွန်းသက် တို့နှင့် ဆုံတော့ ဦးမျိုးခင်က ပရိသတ် ကျွေးမွေးဧည့်ခံဖို့ ထမင်းဟင်းကိစ္စမှ ဆရာတော်နှင့် ညှိပြီး သူတာဝန်ယူပါမယ်၊ တောင်လေးလုံးကို ဒီရက်ပိုင်း သူနဲ့ အတူသွားကြပြီး အိုးသူကြီး ဦးသောင်းစိန်ကို အပ်ခဲ့ မှာခဲ့မယ် ဟု ပြောသည်။ တောင်လေးလုံး၏ ပင်တိုင် အိုးသူကြီးခေါင်းက ဦးသောင်းစိန်တဲ့။ ထို့ကြောင့် ဦးမျိုးခင်ကားနှင့် ကျွန်တော်တို့အားလုံး တောင်လေးလုံးကျောင်းသို့ သွားကြပြီး ဆရာတော်နှင့် အစီအစဉ်များ ထပ်မံ လျှောက်ထားကြ၏။ အလှူ အခမ်းအနားကို ကျောင်းဝင်းထဲက အောင်ခြင်းရှစ်ပါး ဓမ္မာရုံမှာ ခင်းကျင်းမည်။ ထိုဓမ္မာရုံမှာ ကျောင်း၏ မြောက်ဘက်ကပ်ရက်မှာ ရှီသည်။ ထိုစဉ်က ဒေါ်ဒေါ့် မွေးနေ့အပါအဝင် အခမ်းအနားမှန်သမျှ ထိုဓမ္မာရုံမှာပဲ ကျင်းပသည်။
ဦးမျိုးခင်က ထိုဓမ္မာရုံကို ရေဆေးကြော သန့်ရှင်းရေး လုပ်ထားဖို့ ဦးသောင်းစိန်ကို မှာကာ ကျွေးမွေးရေး အတွက် ထမ်းဟင်းကိစ္စကိုလည်း ဦးသောင်းစိန်ကို အပ်ခဲ့သည်။ ဆရာတော်စွန့်သည့် ဆန်ဆီ စသည့် ပစ္စည်းများအပြင် ဝယ်ခြမ်းစရာများကို ကြိုဝယ်ထားဖို့လည်း ပြောဆိုတော့ ကျွန်တော်က ဝယ်ရမည့် ပစ္စည်တွေအတွက် ကျွန်တော့်ဆီက ပိုက်ဆံယူထားရန် ဦးသေားင်းစိန်ကို ပြောသောအခါ မလိုဘူးကိုဆူး ဦးမျိုးက ပေးထားတယ်ဟု ဦးသောင်းစိန်က ကွမ်းမြုံ့ရင်း ပြော၏။ ဦးမျိုးခင်က ဦးသောင်းစိန်ကို ဓမ္မာရုံ၏ အရှေ့ထပ်မှာ ရှင်လောင်းစင်လေးလည်း ထည့်လိုက်ပါဦးဟု မှာနေသည်။
ပြန်ကြဖို့ ဆရာတော်ကို ဝတ်ပြုကြတော့ ဆရာတော်က “ ဟိုနေ့က မင်းပြန်သွားပြီး ညနေပိုင်း ဒေါက်တာသန်းထွန်း ရောက်လာလို့ မင့်အလှူ တပို့တွဲ လပြည့်နေ့ ဒီမှာရှိတယ်လို့ ပြောလိုက်တော့ သူလည်း လာမယ်တဲ့ကွ၊ သူလာရင် ငါက ဝက်အူချောင်း ၅၀သားလောကိကြော်ထားမှာ၊ ဆရာသန်းထွန်းက ဒီလာရင် ဘာဟင်းမှ မစားဘူး၊ ဝက်အူချောင်းကြော်ကိုပဲ စကားပြောရင်း ရေနွေးနဲ့ တစွက်စွက် စားနေတာကွ၊ အဲ့ဒီအတွက် မပူနဲ့ ဒို့တောင်မြို့ နာမည်ကြီး ဝက်အူချေားင်းရှိတယ်၊ ငါမှာလိုက်ရင် ကျောင်းထိ လတ်လတ်ဆတ်ဆတ်လာပို့တာ ဟု ကျွန်တော့်ကို ပြောသည်။ ကိုင်း.. ကျွန်တော့အလှူမှာ လာမည့်ဧည့်သည်အဖြစ် ပထမဆုံးသိလိုက်ရတာက သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း တဲ့။
အလှူရောက်ရန် တစ်ပတ်လောက်အလို ဆရာသိုက်က မနက်စောစော ကျွန်တော်အိမ် ဝင်လာသည်။ ထုံးစံအတိုင်း သူ့စက်ဘီးကြီး ကျွန်တော့် အိမ်ရှေ့ထိုးကာ မလွန်ဘက်က ပြန်လာတာဟု ချွေးတွေ သုတ်ရင်း ပြောသည်။ မလွန်ထဲက စောင်းမူမူသိန်း တီးဝိုင်းသွားငှားတာဗျ၊ တော်သေးတယ် အဆင်ပြေခဲ့လို့၊ အဲ့ဒီနေ့ မနက်ပိုင်းမှ နယ်က ပြန်ရောက်မှာတဲ့။ ဒါနဲ့ ကျွန်တော်လည်း ရတယ်၊ မနက်ဧည့်ခံမီရင် အဆင်ပြေတယ်၊ ည အလှူဝင်မပါပါဘူးလို့ပြောပြီး တခါတည်းငှားခဲ့ပါပြီဟု ခပ်တည်တည်ပြောတော့ ကျွန်တော်က ဇဝေဇဝါ ဖြစ်သွားပြန်သည်။ ကိုယ့်ဆရာကလည်း ကိုယ့်ဆရာ ဝတ္ထုတွေထဲကလို ပဟေဠိတွေ လုပ်နေပြန်ပါပြီ။ ဘယ်နေ့ ဘယ်သူ့အလှူအတွက်လဲဗျ ဟု မေးမှ လာမယ့် တပို့တွဲ လပြည့်နေ့ တောင်လေးလုံးကျောင်းက အလှူအတွက်ဗျ ဟု ပြောသည်။ ကျွန်တော် ထပ်၍ မျက်မှောင်ကြုံ့ သွားပြန်၏။ ငွေလေး ၂သောင်းလောက်နှင့် အရပ်ကူပါ လူဝိုင်းပါအလှူပိန်လေးမှာ တီးဝိုင်းထည့်မည် ဆိုကာ ဆရာသိုက်က ကျွန်တော့်ကို လာ၍ နောက်ပြောင်နေသည်။ ကျွန်တော်က လုပ်ပြီ ကျွန်တော့အလှူက ဟင်းကြမ်းနဲ့ အလှူပိန်လေးပါဗျာ၊ ဆိုင်းတွေ ဝိုင်းတွေ မတတ်နိုင်ပါဘူးဟု ပြန်ပြောရ၏။
သည်တော့မှ ဆရာသိုက် က ဆိုင်းရူး ဇာတ်ရူး မောင်ရင့်လို အလှူက ဘာမှ မပါဘဲ ခြောက်ကပ်ကပ်ဆိုရင် အဓိပ္ပာယ်မရှိပါဘူ ကိုသိုက်ရာ၊ အနည်းဆုံး မြန်မာမှု စောင်းဝိုင်းလေး ပါမှ ကျက်သရေရှိမှာပါ။ မြန်မာမှု ဝိုင်းတစ်ဝိုင်း ငှားဗျာ၊ ကျသင့်တာ ကျွန်တော်အကုန်တာဝန်ယူမယ်ဆိုပြီး ခင်ဗျား နောင်တော်ကြီး ဦးမျိုးခင်က မနေ့က ညနေ ခင်ဗျားပြန်သွားမှ ပြောလို့ ပွဲဦးအောင် မနက်စောစော မြောက်ပြင် အိုးဘိုကနေ မလွန် အထိ စက်ဘီးနဲ့ ပြေးငှားခဲ့ရတာ၊ သိတယ်မဟုတ်လား မောင်ရင့်လူ ဆရာညိုက မြို့ထဲ တာရဲတန်းမှာနေပြီး သူငှားရင်ပိုအဆင်ပြေပေမယ့် အိပ်ရာက မထသေးတာနဲ့ ပွဲလွတ်မှာစိုးလို့ ကျုပ်က ပြေးခဲ့ရတာပါဗျာ ဟု ပြောတော့သည်။
ဆက်၍ အခုပဲ မောင်ရင့်ဆီ အလာ ၂၇လမ်းပေါ်မှာ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) နဲ့ သူ့အိမ်ရှေ့မှာ တွေ့လို့ အကျိုးအကြောင်း ရပ်စကားပြောတော့ ခင်ဗျားပြောထားလို့ တပိုတွဲ လပြည့်နေ့ ခင်ဗျားအလှူဆိုတာ သိထားတယ်၊ အခု ကိုမျိုးခင်နဲ့ ကိုသိုက်တို့က စောင်းမူမူသိန်းဝိုင်း ထည့်ထားတယ်ဆိုတော့ ကျွန်တော်က ဘိသိက်တာဝန်ယူမယ်၊ ဘိသိက်ကို ကိုယ်တိုင်မြှောက်ပေးမယ်၊ မူမူသိန်းနဲ့က ပွဲအတော်များများ တွဲဖူးတယ်၊ ပိုအဆင်ပြေတာပေါ့လို့ ပြောလိုက်ပါပြီဗျာ၊ သူလည်း ညနေကျ ခင်ဗျားဆီ လာပြောပါမယ်တဲ့၊ အခု ရုံး သွားစရာရှိလို့တဲ့။
နောက်ရက် လူထုတိုက်ရောက်သောအခါ နေ့လယ်ခင်း လက်ဖက်ရည်ချိန်တွင် ဒေါ်ဒေါ်က ကျွန်တော့်ကို အလှူအကြောင်းမေးသည်၊ သားလေးတွေ အရွယ်ကိုမေးသည်။ တောင်လေးလုံးမှာ လှူမည်ဆိုသည်ကို ဒေါ်ဒေါ်က ဝမ်းသာနေသည်။ အလှူအတွက် လိုတာပြောနော်ဟုလည်း တဖွဖွ မှာသည်။ မလိုပါဘူးဒေါ်ဒေါ် မမဒေါ်တင်ဝင်းက ဖိတ်စာရိုက်ပေးပြီး ကမ်းဖို့ ယပ်တောင်လည်း စီစဉ်ပေးထားပါတယ်ဟု ပြောပြရသည်။ ခဏနေတော့ ဒေါ်ဒေါ်က အောက်ထပ် စာရေးသည့် အခန်းထဲ ဝင်သွားသည်။ ထွက်လာတော့ လက်ထဲမှာ စာအိတ်လေးတစ်အိတ်ကိုင်ကာ “ငါ့မြေးလေး၂ယောက် အလှူမှာ သူတို့အတွက် လိုတာလေးတွေ ဝယ်ပေး လိုက်ပါကွယ်” ဟု ပြောရင်း ကျွန်တော့် လက်ထဲ စာအိတ်လေးပေးသည်။ ဒေါ်ဒေါ်က ဝမ်းသာတယ်ကွယ် လိုတာပြော အားမနာနဲ့ဟုလည်း မှာနေ၏။ အိမ်ရောက်မှ ဒေါ်ဒေါ်ပေးသည့် စာအိတ်လေး ဖွင့်ကြည့်လိုက်တော့ ငွေကျပ် ၃သောင်းမို့ ကျွန်တော် ဝမ်းသာ မျက်ရည်လည်မိသည်။
ကိုင်း.. တပို့တွဲ လပြည့်နေ့တဲ့၊ အလှူနေ့ရောက်ပြီ။ လွန်ခဲ့သည့် တစ်လကမှ ဆုံးဖြတ်လိုက်သည့် အလှူက အခုတော့ ချောမွေ့စွာ ဆင်နွှဲနိုင်ပါပြီ။ ဆရာတော်၊ ဒေါ်ဒေါ်နှင့် ဆရာသမား မိတ်ဆွေများ ကျေးဇူးကြောင့် အခုထိ ကျွန်တော့်ရှိစုမဲ့စု ပိုက်ဆံလေး မကုန်သေးဘဲ အလှူပွဲ စတင်ပါပြီ။ ကျောင်းမှာရောက်တော့ ကျွန်တော် စိုးရိမ်နေ သလိုမဟုတ်ဘဲ စောင်းမူမူသိန်းအဖွဲ့က စင်ပေါ်တွင် အကျအနပြင်ဆင်ပြီးရုံမက အဖွဲ့သားအားလုံး ကလည်း ဝတ်စားပြင်ဆင်ကာ အဆင်သင့် ဖြစ်နေပါပြီ။ မနက် ၈နာရီလောက်တွင် အမေတို့လည်း ဆွေမျိုးသားချင်းများနှင့်အတူ ကား၃စီးနှင့် ရောက်လာကြပြီ။ ကားပေါ်က ဆင်းလာသည့် မောင်ရှင်လောင်းဝတ်စုံနှင့် သား၂ယောက်ကို မြင်လိုက်ရချိန် စောင်းမူမူသိန်းအဖွဲ့က အောင်စေပိုင်စေ သီချင်းကို သီဆိုတီးခတ်လိုက်တော့ ကျွန်တော့်ရင်ထဲ လှိုက်သွားသည်။
ကျောင်းပေါက်က ဓမ္မာရုံထဲ အဝင်မှာပင် ဧည့်သည်တွေ ရောက်လာကြပါပြီ။ ဓမ္မာရုံထဲမှာလည်း ဆွေမျိုးတွေ ရောက်နေ ကြပြီ။ မောင်ရှင်လောင်း၂ယောက်ကို စင်ပေါ်မှာ နေရာချပေးပြီးပြီ။ ကျွန်တော်က ဆွေမျိုးများကိုနှုတ်ဆက်ပြီး ဆွမ်းစားကျောင်းဘက်မှာ ဧည့်သည်များကို ကျွေးမွေးဓည့်ခံဖို့ ထွက်လာတော့ ဆရာတော့်ကျောင်းထဲမှာ ဆရာကြီး ဒေါက်တာသန်းထွန်း ရောက်နေပါပြီ။ ဆရာကြီးရှေ့မှာ ဝက်အူချောင်းကြော် ပန်းကန်လည်း ရောက်နေပါပြီ။ ဆရာကြီးကို ကျွန်တော်က ဂါရဝပြုနှုတ်ဆက်ရင်း ထမ်းသုံးဆောင်ဖို့ ဖတ်တော့ တော်ပြီ၊ ဝက်အူချောင်းကြော်ပါရင် ထမင်းမလိုဘူးဟု ပြုံးပြုံးကြီးပောရင်း ဒေါ်အမာကို စောင့်ဦးမယ် ဟု ပြော၏။ ဟော.. အင်းဝက ဆရာ၂ပါးဟု ကျွန်တော်တို့က ဂါရဝထားရသည့် ဆရာကိုလေး(အင်းဝဂုဏ်ရည်) နှင့် ဆရာ ကြည်အောင်တို့လည်း ဆိုင်ကယ်လေးနှင့် ရောက်လာကြပြီ။
ဟော ဆရာမြသောင်း(မြောက်ပြင်)၊ ဟော ဆရာနတ်မောက်ထွန်းရှိန်၊ ဟော နဂါးကိုထွန်းဦး၊ ဟော ကိုမျိုးဝင်း (မဟာနန္ဒာ)၊ ဟော ဆရာမောင်ဘနောက်။၊ တောင်လေးလုံးမှာ ကျင်းပသည့်ပွဲမို့ ဖိတ်စာကမ်းစရာမလို စာပေ သဘင် ပန်းချီ ဂီတ အနုပညာရှင်တွေ စုံလှ၏။ ဟော ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)လည်း ရောက်လာပြီ။ ထိုစဉ် ဒေါ်ဒေါ်လူထုဒေါ်အမာက သမီးမမဒေါ်တင်ဝင်း နှင့်အတူ မိသားစုနှင့် ရောက်လာသည်။ ဒေါ်ဒေါ်က စာပေဆွေမျိုးတွေ အစုံအလင် တွေ့ရလို့ ပျော်နေသည်။ ဒေါ်ဒေါ်က ထမင်းစားပြီး ဆရာတော့် ကျောင်းထဲ သွားကာ ဆရာကြီး ဒေါက်တာသန်းထွန်းနှင့် စကားပြောသည်။ ဓမ္မာရုံထဲသို့လည်း ဝင်ကာ ကျွန်တော့်အမေကို နှုတ်ဆက်ရင်း ဘူးသီးကြော်နှင့် လက်ဖက်စားကာ မောင်ရှင်လောင်းလေးတွေကို သဘောကျနေသည်။ စောင်းမူမူသိန်း တီးဝိုင်းကလည်း မဟာဂီတ သီချင်းကြီးများအပြင် နန်းတော်ရှေ့ဆရာတင် ဆရာညှာ မြို့မငြိမ်းတို့ သီချင်းများ သီဆိုတီးခတ်ဖျော်ဖြေနေ၏။
ဓမ္မာရုံထဲမှာ ဒေါ်ဒေါ်ရောက်နေချိန် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ ဆရာစိုးနိုင် (မန္တလေးတက္ကသိုလ်) တို့က ဧည့်ခံစကားပြောကြသည်။ ဆရာမောင်သစ်လွင်(လူထု)နှင့် ရွှေဝတ်ရည် အစ်မကြီး မေသျှိသျားတိုးလည်း ရောက်လာတော့ ဆရာ နတ်မောက်ထွန်းရှိန်နှင့် အတူ ဒေါ်ဒေါ့်ဘေး ရောက်လာကြလို့ ဒေါ်ဒေါ်က ဒို့လူစုံပြီ ကိုလှပဲ လိုတော့တယ်ဟု အရွှန်းဖောက်သော်လည်း ဝမ်းနည်းသံပါနေသည်။ ကျွန်တော်က နောက်ထပ် ရောက်လာသည့် ဧည့်သည်များကို အလစ်လပ်ရအောင် ဆွမ်းစားကျောင်းထဲသွား၍ ဧည့်ခံရင်း လာသမျွှကို နှုတ်ဆက်နေရသည်။ ဓမ္မာရုံထဲလည်း ဧည့်က အပြည့်၊ ဆွမ်းစားကျောင်းထဲလည်း ဧည့်က အပြည့်၊ ထို့ပြင် အတော်များများကလည်း ထိုင်နေကျ စက္ကူပန်းရုံအောက်က ကွပ်ပျစ်နှင့် တန်းလျားပေါ်ထိုင်ကာ ရပ်ကာ စကားတွေ ပြောနေကြသည်။
ဝင်လာသည့် ဧည့်တွေက မစဲမို့ ကျွန်တော်နှင့် ဇနီးက ဆွမ်းစားကျောင်းထဲ စာပွဲစေ့ နှုတ်ဆက်ရင်း လိုသည့် ထမင်းဟင်းလိုက်ဖြည့်ရင်း ဧည့်ခံနေခိုက် အလှူ့ဒကာရှိလား အလှူ့ဒကာရှိလားဟူသော အသံကြောင့် ဧည့်သည်များလား ဟု ဆွမ်းစားကျောင်း အဝင်ပေါက်က အသံလာရာဆီ လှမ်းကြည့်မိသည်။ ကျွန်တော့် အသိတော့ မဟုတ်၊ သို့သော် အလှူအတန်းမို့ လာသမျှက ကိုယ့်ဧည့်သည်ပဲမို့ ကြွပါဗျ၊ အထဲဝင်ပါ၊ အထဲကြွပါ ထမင်းသုံးဆောင်ဖို့ ကြွပါဟု ဖတ်ခေါ်လိုက်သည်။ ထိုဧည့်သည်က ရပါတယ်ဗျ၊ ရပါတယ်၊ အလှူ့ဒကာကြီးက မောင်ရှင်လောင်းတွေကို ဆင်နဲ့ အလှူလှည့်လိုက လှည့်လို့ရပါတယ်။ ဆင်စာဖိုးပဲပေးပါ၊ တောင်သမန်အင်း ပတ်လမ်းအတိုင်း ရှင်လောင်းတွေကို တင်ပြီး လှည့်ပေးပါ့မယ်ဗျ တဲ့။ ကျွန်တော်က အံ့အားသင့်သွားသည်။ ကျောင်းပေါက်မှာ လူတွေကလေးတွေ ရုံးစုရုံစုနှင့် စည်ကားနေသည်။ ကျွန်တော်က ကျောင်းရှေ့ကို ထွက်ကြည့် လိုက်တော့ လမ်းပေါ်တွင် ကကြိုးတန်ဆာ အစုံအလင်နှင့် ဆင်ကြီး၃ကောင်ရောက်နေသည်။ စောစောက လာပြောသူက ဆင်ဦးစီးဖြစ်သည်။
သည်ဆင်ကြီးတွေက မကြာမီ ဆင်ဖြူကန်ကွင်းမှာ နိုင်ငံတော်အဆင့် ကျင်းပမည့် ပွဲတစ်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် ဝင်းခင်း လှည့်လည်ရန်အတွက် ပုထိုးတော်ကြီးဘုရားဝင်းအတွင်း လွန်ခဲ့သည့် အပတ်ကတည်းက စခန်းသွင်း လေ့ကျင့်နေသည့် ဆင်၃စီး တဲ့။ ဒီနေ့ ထိုဆင်၃စီးကို ကကြိုးပလာ အစုံအလင် ဆင်ယင်ပြီး ပုထိုးတော်ကြီးမှ ဦးပိန်တံတားထိပ်ထိ လမ်းလျှောက် လေ့ကျင့်ကြသည်။ ထိုစဉ် တောင်လေးလုံးကျောင်းတိုက်အတွင်း အလှူရှိတာ မြင်သောကြောင့် မောင်ရှင်လောင်းလေးတွေ ဆင်ပေါ်တင်ကာ လှည့်ပေးလိုခြင်း ဖြစ်သည်။ ထိုအတွက် ဆင်စာဖိုး ၃ထောင်ပဲ ပေးပါတဲ့။ ကိုင်း.. အခန့်သင့်လိုက်လေ။
သို့သော် ဧည့်သည်တွေကလည်း ဧည့်ကျချိန်မို့ အင်းပတ်လမ်း တလျှောက် ဆင်နှင့် လှည့်ရန် အချိန်မရတော့ပေ။ ထို့ကြောင့် ကျောင်းပေါက်မှာပဲ မောင်ရှင်လောင်း၂ယောက်ကို ဆင်၂စီးပေါ်တင် မိဘများခြံရံကာ ဓာတ်ပုံမှတ်တမ်း ဗီဒီယို မှတ်တမ်းပဲ ရိုက်လိုက်ပါ၏။ ထိုသို့ရိုက်ကူးအပြီး ဆင်ဦးစီးကို ဆင်စာဖိုး ၃ထောင်ပေးတော့ “ဟာဗျာ.. လှည့်မှ မလှည့်ဖြစ်ဘဲ မယူပါရစေနဲ့ဗျာ၊ ကျွန်တော်တို့က ကြုံကြိုက်လို့ မောင်ရှင်လောင်းလေးတွေ အမှတ်တရဖြစ်အောင် ကုသိုလ်ယူတာပါ” တဲ့။ ကျွန်တော်က အတန်တန်ငြင်းနေသော ဆင်ဦးစီးအိတ်ထဲကို ပိုက်ဆံ တစ်ထောင် ဇွတ်ထည့် ပေးလိုက်ပါတော့သည်။
မောင်ရှင်လောင်းလေးတွေကို ကကြိုးတန်ဆာအစုံ ဆင်တွေနှင့် ဓာတ်ပုံရိုက်အပြီး မကြာမီ ဘိသိက်အခမ်းအနား စတင်တော့မှာမို့ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က ဘိသိက်ခန်း အဆောင်အယောင်များကို ပြင်ဆင်နေပါပြီ။ ထိုသို့ ပြင်ဆင်နေစဉ် စောင်းမူမူသိန်းက “ အလှူ့ဒကာကြီးက ဦးကျော်ဆန်းပါ၊ အလှူ့အမကြီးက ဒေါ်ခင်သော်ဇင် မောင်မယ် နှစ်ဖြာ၊ သားရတနာ မောင်သူရိန်ထွန်းနဲ့ မောင်အောင်ပိုင်စိုး အလှူတော်မဟာ၊ သာမဏေရ ပပ္ပဈ္ဇ ၊ ချီးမြှောက် သာသနာ အောင်စည်ဟိန်းလို့ ဘိသိက်တော်ဆက် သွန်းလောင်း မင်္ဂလာ..” ဟု သီချင်းကို စည်ရွန်းကာ သီဆိုတော့ ကျွန်တော်လည်း မောင်ရှင်လောင်းလေးတွေကို လှမ်းကြည့်ရင်း ကွယ်လွန်သူ ဖခင်ကြီး ကို သတိရနေသည်။
နစ္စဂီတ ဝါသနာပါလှသော အဘက သူ့မြေးလေးတွေအလှူမှာ ဆိုင်းသံကြားရုံနှင့် ကျေနပ်နေမှာ သေချာသည်။ ကျွန်တော်က တွေးတောနေစဉ် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က ဘိသိက်တော်ဆက် သိုရင်းဖြူ၊ ကတ္တီပါစလွယ်၊ ပိုးခေါင်းပေါင်း၊ တောင်ရှည် ပုဆိုးနှင့် ဓမ္မာရုံ အပြင်ဘက်မှာ အဆင်သင့် ဖြစ်နေပါပြီ။ ဆရာက ကျွန်တော်တို့ ဇနီးမောင်နှံနှင့် မောင်ရှင်လောင်းတွေကို လှမ်းခေါ်ပြီး သူ့နောက်မှာ တန်းစီ နေရာယူစေသည်။ ဓမျွာရုံအတွင်း မိခင်ကြီးနှင့်အတူ အလှူ့အမ၏ မိခင်နှင့် ဆွေမျိုးမျာဒ ကျွန်တော့် အစ်မ အစ်ကိုနှင့် ဆွေမျိုးများလည်း နေရာယူပြီးပါပြီ။ စောင်းမူမူသိန်း၏ သီချင်းအပြီ။ ဘိသိက်အခါတော်ဟု တီးဝိုင်းက အခက်ပေးလိုက်သည်နှင့် စောင်းမူမူသိန်းက မင်္ဂလာဗျောညွန့်ကို သီဆိုလိုက်သည်။
စောင်းသံနှင့်အတူ ဗျောသံတွင် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) ဦးဆောင်ကာ မောင်ရှင်လောင်း၂ပါး၊ အလှူ့ဒကာနှင့် အလှူ့အမတို့က ဓမ္မာရုံအတွင်း ဘိသိက်အခမ်းအနားအတွက် ခင်းကျင်းထားသည့် နေရာသို့ တစ်လှမ်းချင်း ဝင်ရ၏။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၏ စံနစ်ကျလှသည့် ဘိသိက်အဖွင့်ကို ရှေ့ဆုံးက အားပေး နေကြသော ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ ဆရာမောင်ဘနောက်၊ ဆရာမြသောင်း (မြောက်ပြင်) တို့က အံ့အားတသင့် ဖြစ်နေကြသည်။ ဒါမှ ကိုယ့်လူဟု ဂုဏ်ယူနေကြသည့် မျက်နှာပေးဖြစ်ကြသည်။ ကျွန်တော်က ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၏ နောက်က “ မင်္ဂလာဗျောညွန့်” သီချင်းသံနှင့် အတူ ခြေလှမ်း မမှားအောင် လိုက်ရင်း သားမောင်ရှင်လောင်းတို့ ပုခုံးကို ကိုင်ကာ လှိုက်ခနဲ ဆို့တက်၍ မျက်ရည်ဖြိုင်ဖြိုင်ကျတာ ဣန္ဒြေပင် မဆည်နိုင်တော့။
ကဲ.. တစ်ခုတော့ အောင်ခဲ့ချေပြီ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #တောင်လေးလုံးကအလှူပိန်လေး