ဂေါဝိန်နှင့် ခိုတောင်မုန့်တီ

 

 

 

ဆူးငှက်

 

၃၅လမ်းရဲ့ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်က အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ မင်းဝံတောင်ရိုးက တိမ်စိုင် တိမ်လိပ်ကြီးတွေကို စုတ်ချက်ထူထူနဲ့ ကလနားသပ် ပြေးနေတယ်။။ လှိုင်းအနည်းငယ် ရှိတဲ့ ဧရာဝတီမြစ်ပြင်မှာ’ခိုတောင်’ ရွာဆီ ဦးတည်တဲ့ လှေကလေးက စုန်မှာလေလား၊ ဆန်မှာလေလား ခွဲခြား သိဖို့ ခက်ခဲလှဘိ။ တာရိုးအောက်ခြေ တည့်တည့်မှာ ကျောက်ချထားတဲ့ ပင်လုံ နှစ်ထပ်သင်္ဘောကြီးက ဣန္ဒြေရရ ငိုက်မျဉ်းနေလို့။ သူ့ပေါ်ကနေ ဒိုင်ဗင်ထိုးကာ ရေကူးနေသူတွေ။ နှီးပုံးလေးနှင့် အခေါက်ခေါက် အခါအခါ ရေခပ်နေသူတွေ။ သူ့ဝမ်းဗိုက်ဘေးမှာ တဗုံးဗုံး ထုနှက် အဝတ်လျှော်နေသူတွေကို ဂရုမစိုက်အားသေး …။

 

ဟို … တောင်ဘက် ချော်ဆိပ်ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့ အုံကြွ ထလို့်။ သဲကားတစ်စီး ကမ်းပေါ် တအိအိတက်လာတယ်။ သဲလှေများက လှိုင်းနှင့်အတူ ခေါင်းညိတ်နေကြသည်။ သကာရည်ပိုင်းတွေ တင်လာတဲ့ ထော်လာဂျီ တစ်စင်းက အင်ဂျင်ကို လီဘာတင်ပြီး အိတ်ဇောသံ တထုန်းထုန်းနှင့် ရုန်းနေတယ်။

 

အခုတော့ သဲကားတွေ၊ ကုန်တင် လော်ရီကားကြီးတွေ၊ အဝေးပြေးကားတွေ၊ အင်ဂျင်သံ တဒုန်းဒုန်းနှင့် ထော်လာဂျီတွေ ဖြတ်သွားလေတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားတဲ့ ဖုံလုံးတွေကြောင့် မြစ်ကမ်းလေပွေမှာ မြင်ကွင်းတွေဟာ ဝေဝါးမှုန်ရီ…။

 

ဂေါဝိန်ဆိပ်ကမ်းဆိုတာ မြို့ပတ်ခြောက်လမ်းသွားရဲ့ အစိတ်အပိုင်းတစ်ခပါပဲ။ အရင်က အဆန်သင်္ဘောကြီး တွေကို ငေးမောရတဲ့ အပင်ခြေ အုတ်ခုံတန်းလေးများ နှင့် ဂေါဝိန်လည်း မဟုတ်တော့၊ ဒီလိုပါပဲ။ ဆိပ်ကမ်း အလုပ်သမားကြီးတွေ ချက်အရက် သောက်တဲ့ ဂေါဝိန်လည်း မဟုတ်တော့။ ကမ်းနားဈေးရုံထဲက ဈေးခွေးလေး တစ်ကောင်နှစ်ကောင် ထိုးဟောင်သည့် ဂေါဝိန်လည်း မဟုတ်တော့။

 

ဒီလိုပါပဲ မြစ်အနောက်ဘက် ခိုတောင်ရွာက မုန့်တီသည်လေးတွေ သမ္ဗာန်စက်လှေတွေနဲ့ ကူးလာပြီး မန္တလေးမြို့ထဲ လေးပြင်လေးရပ် လှည့်လည်ရောင်းချဖို့ စုဝေးနေကြတဲ့ ဂေါဝိန်မဟုတ်တော့။ တကယ်တော့ ဟိုယခင် ဘိုးဘွားအစဉ်အဆက် ဂေါဝိန်နှင့် ခိုတောင်မုန့်တီက မခွဲမခွာ တွဲဖက် မြင်နေကျလေ။

 

×××××        ×××××

ခိုတောင်မုန့်တီတဲ့။

ယနေ့ထက်တိုင် စွဲမက် တွင်ကျယ်နေဆဲ မြန်မာ့ရိုးရာ အစားအသောက်လေးတစ်ခုရှိတယ်။ ထူးဆန်းတာက ဒီအစား အသောက်လေးက မန္တလေးမှာပဲရရှိနိုင်တာပါ။ အရင်ကတော့ နေ့လယ်နေ့ခင်း အဆာပြေအစားအသောက်ပေါ့။ အလျူမီနီယမ် မှန်တံခါးတွေ အဲယားကွန်းခန်းမတွေနဲ့ ဈေးရောင်းစင်တာကြီးတွေ ရှေ့က ခဲတံခွာမြင့်ဖိနပ်စီး စကပ်တိုနှင့် ေýကရုပ်လေးလို အရောင်းဝန်ထမ်းလေးတွေအစ ဆေးလိပ်ခုံ၊ ဆီးပေါင်းထုပ် အလုပ်ရုံနဲ့ ရပ်ကွက်ထဲက ကလေးအမေတွေအဆုံး တရှိုက် မက်မက် ကြိုက်နှစ်သက်ကြဆဲ အစားအသောက်လေးပါ။ သိပ်ပြီး မြန်မာဆန်လွန်းတဲ့ အစားအသောက်လို့လည်း ပြောလို့ရ လေရဲ့။ အရင်ကတော့ နေ့လယ်နေ့ခင်းတွေ အရပ်ထဲမှာ လာရောင်းမှ စားရတဲ့အစားအသောက်က အခုတော့ နေရာ အတော်များများမှာ မနက်လင်းကတည်းက ခိုင်မာစွာ ဆိုင် တည်ခင်း ရောင်းနေကြပြီလေ…။

 

အဲဒါ… ခိုတောင်မုန့်တီပါပဲ။ ခိုတောင်ဆိုတာ မန္တလေး မြို့တဖက်ကမ်း ဧရာဝတီမြစ်အနောက်ကမ်းမှာရှိပြီး စစ်ကိုင်းနဲ့ မင်းကွန်းကားလမ်းမပေါ် မေးတင်နေတဲ့ ရွာကြီးတစ်ရွာပါ။ ခိုတောင်ရွာကနေ ရှေးရှေးကတည်းက ရွာမှာတင် ဆန်ကို အပုပ်စိမ်၊ မုန့်ညှစ်ပြီး သန့်ရှင်းစွာပြုလုပ်တဲ့ မုန့်တီဖတ်တွေ အိမ်တိုင်းစေ့နီးပါး လုပ်ကိုင်ကြတယ်။ ဒီမုန့်တီဖတ်နဲ့ ဂျင်း၊ ကြက်သွန်ဖြူ ကြက်သွန်နီကို နနွင်းစစ်စစ်နဲ့ ဆီသပ်ထားတဲ့ ပဲဆီ စစ်စစ် ဆီကျက်ဝါရယ်၊ ကုလားပဲမှုန့်စစ်စစ်ရယ်၊ အောက်ပြည် အောက်ရွာကလာတဲ့ ငံပြာရည်စစ်စစ်ရယ်၊ ကူမဲ ငရုတ်သီးကြော် မှုန့် မွှေးမွေးရယ်၊ ကိုင်းထဲကထွက်တဲ့ ပဲသီးတောင့် လတ်လတ်ကို အနေတော်လှီးထားတာရယ်၊ ဟင်းချိုရည်ကတော့ ပုစွန်ခြောက် ကောင်းကောင်းလတ်လတ်နဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတဲ့အနှစ်နဲ့ ပြုလုပ်ထားပြီး အမြဲတမ်းပူနွေးနေအောင် မြေအိုးထဲထည့်ကာ အပြင်က အဝတ်အထပ်ထပ်ပတ်ထားတယ်။

 

ဒီပစ္စည်းတွေအားလုံးက ဝါးနဲ့ရက်ထားတဲ့ ပက်လက်တောင်းထဲမှာ အဝတ်ပတ်ဟင်းချိုရည်အိုး၊ မုန်တီဖတ်ထည့်ဝါးခြင်း၊ ဆီချက်၊ ပဲမှုန့်၊ အရောင်တင်ဆီ၊ ငရုတ်သီးမှုန့်ထည့်တဲ့ စဉ့်အိုး၊ ပဲသီး၊ ကြက်သွန်၊ နံနံပင်ထည့်တဲ့ ဝါးဆန်ခါခုံး စတာတွေကို နေရာကျ အစီအရီထည့်၊ ဟင်းချိုခပ်တဲ့ ထန်းသီးမှုတ်အရိုးတပ် ယောက် ချိုလေးကိုလည်း ဟင်းချိုရည်အိုးဘေးစိုက်လို့…။ ဟင်းချိုရည် အိုးပေါ်မှာလည်း အဝတ်အထပ်ထပ်အုပ်ထားတဲ့ မြေစလောင်း ဖုံးလေးဖုံးထား…။ အဲဒီ ပက်လက်ဝါးတောင်းကို ခိုတောင် သူလေးတွေကရွက်ပြီး မနက်လင်းတာနဲ့ ရွာကလှေတွေနဲ့ ဧရာဝတီကိုဖြတ်ကာ မန္တလေး လေးပြင်လေးရပ် မုန့်တီတောင်း ခေါင်းရွက်ပြီး ကိုယ့်ဖောက်သည် အသီးသီးဆီ နေ့ခင်းစာအမီ သွားရောက်ရောင်းချကြတာပါပဲ။ အဲဒါ ခိုတောင်မုန့်တီပါ။ ဒါကြောင့်လည်း မန္တလေးသား စာရေးဆရာတွေက ဂေါဝိန်ဆိပ် ကမ်းနဲ့ ခိုတောင်မုန့်တီသည် လှေကလေးတွေကို စာဖွဲ့လိုမဆုံး ရှိခဲ့ကြတာပေါ့။

 

အသားမပါ။ ဟင်းချိုထဲက ပုစွန်ခြောက်အချိုအရသာနဲ့ မြန်မာပါးစပ်မှာ မြန်မာပြည်တွင်းဖြစ် ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ဧရာဝတီမြစ်ရေနဲ့ ချက်ထားတဲ့ဟင်းရည်နဲ့ လျှာလည် မက်မော အကြိုက်တွေ့စေတဲ့ ခိုတောင်မုန့်တီဟာ ဒီကနေ့အထိ တွင်ကျယ်နေဆဲပါပဲ။ ဒါပေမယ့် အခုတော့ မန္တလေးမြို့တွင်းမှာပဲ အပြီးအစီး ပြုလုပ်လိုက်တဲ့ ခိုတောင်တံဆိပ်ကပ် မုန့်တီတွေကတော့ ခိုတောင်ရွာသူလေးတွေရဲ့ မုန်တီဗန်းကို တွန်းဖယ်ပစ် လိုက်တာပေါ့။ ခိုတောင်မုန့်တီက မြို့ကြီးပျော်ဖြစ်သွားတော့ ဂေါဝိန်ကိုလည်း မေ့သွားပြီလေ။

 

ဒါပေမယ့် မင်းကွန်းကိုကားနဲ့သွားကြသူတိုင်း ခိုတောင် ရွာလေးရောက်ရင် ကားရပ်ပြီး ခိုတောင်မုန့်တီစစ်ကို မက်မက် မောမော စားသောက်ကြဆဲပါ။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ခိုတောင်မု့န်တီ #ဆူးငှက်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW