ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅
ZY (VOM)
ရေဘေးကြောင့် စပါးမျိုးတွေ ပျက်စီးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုံးအင်းဒေသက ကျေးရွာပေါင်း ၂၅ရွာဟာ လက်ရှိအချိန်မှာ မျိုးစေ့အတွက် အကူအညီ လိုအပ်နေပြီး စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန်စပါးအများဆုံးထွက်ရှိပြီး စပါးကျည်လို့ ခေါ်ဝေါ်ကြတဲ့ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံးစတဲ့မြို့နယ် ၃ခုထဲမှာ ပါဝင်သလို အဲဒီဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံကာ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့တာကြောင့် လာမယ့် စပါးစိုက်ရာသီအတွက် သိမ်းဆည်းထားတဲ့ စပါးမျိုးစေ့ တင်းပေါင်းသိန်းချီ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ဖက်အခြမ်းကတော့ ဒေသဦးစီးအဖွဲ့ကို စာတင်ထားတယ်။ တောင်ကြီးဖက် အခြမ်းကတော့ စိုက်ပျိုးရေးဦးသီးဌာနကို စာတင်ထားတယ်။ ပြီးခဲ့တဲ့ လကတည်းက တင်ထားတာ၊ အခုထိတော့ အကြောင်းမပြန်လာသေးဘူး။ နွေစပါးက စိုက်ရတော့မှာဆိုတော့ အခက်အခဲက တော်တော်ဆိုးတယ်။ မျိုးစေ့က ရေဘေးကြောင့် လုံးဝမကုန်တော့တာလို့ တောင်သူတယောက်က VOMကို ပြောပါတယ်။
ရေဘေးကြောင့် ကျေးရွာ ၂၅ရွာက စပါးစိုက်ဧကပေါင်း ၃၀၀ ဧကကျော် ပျက်စီးကုန်သလို စပါးမျိုးတွေပါ ပျက်စီးကုန်လို့ လယ်တွေပြန်မစိုက် နိုင်တော့တာ၊ စိုက်ဖို့အရင်းအနှီးမရှိတော့တာတွေအတွက် လယ်သမားရာချီဒုက္ခ ရောက်နေသလို မိသားစုဝင် ထောင်ချီအခက်ကြုံနေကြရတာလို့ သိရပါတယ်။
မျိုးစပါးဝယ်ဖို့နဲ့ စိုက်ဖို့ အရင်းအနှီးကလည်း မရှိကြတော့ဘူး။ ရေဘေးကြောင့် စပါးကလည်း မထွက်ပေမယ့် စိုက်ပျိုးရေးချေးငွေအပါအဝင် ချေးငွေတွေလည်း ဆပ်လိုက်ရတယ်လေ။ ရေဘေးတုန်းကတော့ ဆန်တွေ၊ ရိက္ခာတွေနဲ့ ပိုက်ဆံတချို့လာလှူကြပေမယ့် စပါးပြန်စိုက်ဖို့အတွက်တော့ ဘယ်လိုမှ မလုံလောက်ဘူးလို့ နောက်ဒေသခံတယောက်က VOMကို ပြောပါတယ်။
ပုန်းအင်းဒေသမှာ အသုံးတော်၊ နားဟီး၊ ကက္ကူ (နမ့်တဘက်ချောင်းအနောက်ကမ်း)၊ ပေါင်းစင်း၊ နမ့်ခုတ်၊ ကုန်းကျိုင်း၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် စတဲ့ အုပ်စု ၉ စု၊ ကျေးရွာပေါင်း ၆၂ ရွာရှိပြီး ရွာတွေအားလုံးဟာ ပြီးခဲ့တဲ့ ဇွန်လက တကြိမ်၊ ဩဂုတ်လက တကြိမ်၊ စက်တင်ဘာထဲမှာ တကြိမ်၊ စုစုပေါင်း ၃ကြိမ်အထိ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg