ဖေဖော်ဝါရီ ၂၀ – ၂၀၂၅
SN (VOM)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ အမျိုးသားတယောက် လေးထပ်တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်မှု မနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ် ၂ နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်မှ သိရပါတယ်။
သေဆုံးသူဟာ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ တိုက်နံပါတ် ၁၃၂၂၊ အခန်းနံပါတ် ၃၂ မှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ဖြစ်ပြီး အခင်းဖြစ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“သေချာတာကတော့ ခုန်ချတာပါ။ ရှောကျတာ မဟုတ်ဘူး၊ ပြုတ်ကျတာ မဟုတ်ဘူး။ တမင်သက်သက်ကို ခုန်ချတာ။ ဘာကြောင့် ခုန်ချတယ်တော့ မသိပေမယ့် သေချာတာကတော့ အရက်သောက်ထားတယ်။ ခုန်ချမယ့်အပေါက်ရဲ့ အောက်တည့်တည့်မှာ အရက်ခွက်ပါ တွေ့ခဲ့သေးတယ်။ အပေါက်ကလည်း ခါးလောက် အမြင့်ရှိတယ်။ ခုန်ချတယ်ဆိုတာက ဘာ့ကြောင့် ပြောနိုင်လဲဆို သေဆုံးသူရဲ့ခြေထောက်တွေမှာ ဘောင်ပေါ်မှာသုတ်ထားတဲ့ ဆေးတွေ တွေ့မိတယ်။ အဲဒီတိုက်ရဲ့ မှန်တံခါးတွေက Slide ဖြစ်တော့ တခြမ်းပဲ လှပ်လို့ရတာ။ အခင်းဖြစ်ချိန်က မှန်တံခါးကို အပြည့်လှပ်ထားတာလည်း တွေ့တယ်” လို့ စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
သေဆုံးသူဟာ ဦးခေါင်း နောက်စေ့ကွဲအက် ကြေမွဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပြီး အခင်းဖြစ်ချိန်မှာ သေဆုံးသူတယောက်တည်းသာ အိမ်မှာ ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ အသင်းကလည်း သူတို့ဆီက အကြောင်းကြားပြီးပြီးချင်း ချက်ချင်း သွားရောက် ကူညီပေးခဲ့တယ်။ သေဆုံးသူက ကျွန်တော်တို့လည်း အရောက်၊ အသက်ကလည်း အထွက်ပဲ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ သူက အင့်ကနဲ တချက်တော့ မြည်လိုက်သေးတယ်။ နောက်ဆုံးလို့ ပြောရမှာပေါ့။ ဒဏ်ရာကတော့ ခြေတွေ၊ လက်တွေမှာ ကြီးကြီးမားမား မရှိဘူး။ ပွန်းတာ ပဲ့တာလောက်ပဲ။ ခေါင်းက ရှေ့မှာ အများကြီး မထိဘူး။ ဦးခေါင်းနောက်ပိုင်းကတော့ ကြေသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲ အသက်ထွက်သွားပုံရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရုပ်အလောင်းကို စိုးမိုးသူ လူမူကူညီရေးအဖွဲ့က နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် – ၁၀၀၀ ရေခဲတိုက်ကို ပို့ဆောင်ပေးထားပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ နေပြည်တော်က ဂွေ့ကြီးသုသာန်မှာ သဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အမျိုးသားတယောက် အထပ်မြင့်တိုက် ရှစ်လွှာပေါ်မှ ခုန်ချခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၄ ခုနှစ်အတွင်း မေလ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း သုံးလွှာကနေ ကျောင်းသူတယောက် ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ တည်းခိုခန်းတခုရဲ့ လေးလွှာကနေ အမျိုးသား တယောက် ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စိုးမိုးသူ လူမူကူညီရေးအဖွဲ့ချုပ်