ဖေဖော်ဝါရီ ၂၁ – ၂ဝ၂၅
KKO(VOM)
နိုင်ငံကျော် မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည်ဟာဖေဖော် ဝါရီ ၂ဝ ရက်၊ ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကျန်ရစ်သူ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။
တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရီဟာ အဆုပ်ကင်ဆာရောဂါကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဌာနမှာ တက်ရောက်ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
“ဟုတ်ပါတယ်။မနေ့ညက ဆုံးတာပါ။အခုတော့ အမေရဲ့ နာရေးကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ ပဲဆုံးတာပါ။အဆုပ်ကင်ဆာနဲ့ပါ”လို့တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့သမီးဖြစ်သူက VOM ကို ပြောပါတယ်။
ဂီတအသိုင်းအဝိုင်းနဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကတော့ မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ် သက်လို့ ဝမ်းနည်းစကားတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြောကြားထားကြတာကိုလည်းတွေ့ရပါတယ်။
“သူချစ်တဲ့အနုပညာ သူချစ်တဲ့ပရိတ်သတ်တွေကို ထာဝရစွန့်ခွာသွားပါပြီ”လို့နိုင်ငံကျော်တေးသံရှင် ဒေါ်ခင်ညွန့်ရည် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဂီတအနုပညာနယ်ပယ်က ဝမ်းနည်းစကားဆိုထားပါတယ်။
ကွယ်လွန်သူ တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကတော့ လက်ရှိမှာ နာရေးကိစ္စတွေအတွက် လိုက်လံစီစဉ်ဆောင်ရွက်နေပြီး နာရေးအစီအစဉ် အသေး စိတ်တွေကို ဒီကနေ့ နေ့လည်ပိုင်းလောက်မှာထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံကျော် တေးသံရှင်ကြီး ဒေါ် ခင်ညွန့်ရည်ဟာ ကွယ်လွန်ချိန်မှာ အသက်(၇၅)ရှိပြီဖြစ်တယ်လို့ သိရပါတယ်။သူဟာ မြန်မာ့သံစဉ်စစ်စစ် တေးသီချင်းတွေကို ဖန်တီးသီဆိုခဲ့တဲ့ မြန်မာ့ဂန္တဝင် နိုင်ငံကျော်
အဆိုတော်ကြီး တယောက်လည်းဖြစ်ပါတယ်။
တေးသံရှင်ကြီး ဒေါ် ခင်ညွန့်ရည်ရဲ့ နာမည်ကျော် လူသိများလှတဲ့ တေးသီချင်းတွေကတော့ “အဓိပတိလမ်းမှာ ရွာတဲ့မိုး၊ဆောင်းအမီ၊ တိမ်ပလီနွေနှောင်း၊လက်ပံပွင့်ကောက်အရောက်လာမယ်၊ချစ်တံခြူရှင်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ပန်းနဲ့ပေါက်တာလည်း နာချင်တယ် အစရှိတဲ့ တေးသီချင်းတွေဟာ မြန်မာသံပရိတ်သတ်တွေကြားမှာ ရေပန်းစား ကျော်ကြားခဲ့တဲ့
တေးသီချင်းတွေပဲ ဖြစ်ပါတယ်။
Photo – CJ