ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်)ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ခန့်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာ TNLA တပ်ဖွဲ့ဘက်က လက်လွန် ရိုက်နှက်ထားတဲ့ KIA တပ်သား ၁၀ ယောက်ကျော်ကို အဆက်အသွယ် မရကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“TNLA တပ်ဖွဲ့ ရိုက်နှက် နှိပ်စက်ထားတဲ့ KIA တပ်သား ၁၁ ယောက်က သေမလား၊ ရှင်မလား တောင်မသိဘူး။ ရထားတဲ့ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရတယ်” လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်။
မန်တုံ ဘက်နဲ့ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းဘက်က ဆင်းလာတဲ့ TNLA တပ်ဖွဲ့ အင်အား ၅၀၀ နီးပါးက မန်မောက်ရွာရှိ အင်အား ၁၀၀ ကျော်ခန့်ရှိ တဲ့ KIA တပ်စခန်း တခုကို ဝိုင်းဝန်း ပိတ်ဆို့ ဝင်ရောက် စီးနင်းပြီး KIA တပ်ဖွဲ့ ဝင်တွေကို ရိုက်နှက်ခဲ့တာလို့သိရတယ်လို့ သူက ပြောပါတယ်။
ဒဏ်ရာရထားတဲ့ KIA တပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ကို TNLA ဘက်က မန်တုံဆေးရုံ ဘက် ခေါ်ဆောင်သွားပြီး လက်ရှိအထိ ဒဏ်ရာရထားတဲ့ KIA တပ်ဖွဲ့ဝင် တွေကို ဒီနက်ပိုင်းအထိ အဆက်အသွယ်မရသေးဘူးလို့ သိရတယ်လို့ ဆိုပါတယ်။
“အဲဒီလို အင်အားနဲ့ ဖမ်းဆီး ရိုက်နှက်တော့ အဖွဲ့ အစည်း အချင်းချင်း လေးစားမှု မရှိဘူး။ ဒီပုံစံနဲ့ဆို တချိန် မဟုတ် တချိန် တိုက်ပွဲ ဖြစ်လာ နိုင်တယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒီလို KIA နဲ့ TNLA တပ်ဖွဲ့ တွေကြား ဖြစ်တဲ့ ပွတ်တိုက်မှု ဟာ TNLA နဲ့သာ သက်ဆိုင်ပြီး ပလောင်လူမျိုးနဲ့ မဆိုင်ကြောင်း၊ ပလောင်လူမျိုး ထဲက KIA တပ်ဖွဲ့ဝင်တွေ အများအပြားရှိတာ တွေ့ရကြောင်း သူက ပြောပါတယ်။
အရင်ရက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မန်တုံ မြို့နယ်က KIA တပ်ဖွဲ့ရဲ့ တပ်စခန်း ၂ ခုနဲ့ ဂိတ်တချို့ကို TNLA တပ်ဖွဲ့က စီးနင်း သိမ်းယူ ထားခဲ့တာရှိတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ KIA နဲ့ TNLA တို့ အကြား နယ်မြေ အငြင်းပွားမှုကြောင့် မကြာခဏ ပွတ်တိုက်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Photo Crd# KIA နဲ့နီးစပ်သူ ( old photo)