စဉ့်အင်တံတားကို အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား

မတ် ၁၄၊ ၂၀၂၅
Shy V (VOM)
လားရှိုး – သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဉ့်အင်တံတားကို မတ်လ ၁၂ ရက်နေ့ကစ အကြီးစား ပြုပြင်နေလို့ တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထားကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“စဉ့်အင်တံတား ပြင်နေပြီ။ လက်ရှိ အခြေအနေ ကတော့ ဘယ်နှစ်ရက် ကြာမလဲ မသိဘူး။ ကားေလးေတွ ဖောင်နဲ့ ကူးမယ်ဆိုရင် စောစော သွားမှရမယ်။ မိုင်းရယ် – တန့်ယန်း ကနေ ပတ်လို့လည်း ရတယ်။ ကားတန်းတွေ အများကြီးပဲ။ ကြာနိုင်တယ်။ ဘယ်လမ်းသွားသွား မန္တလေး သွားမယ်ဆိုရင် လမ်းမှာ တညတော့ အိပ်ရမှာပဲ။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
တံတား ဖြတ်သန်းခွင့် ယာယီ ပိတ်ထား တာကြောင့် ကားလေးတွေကို နေ့စဉ် မနက် ၇ နာရီ ကနေ ညနေ ၇ ထိ ဖောင်နဲ့ ကူးနိုင်ဖို့ စီစဉ်ပေးထား တယ်လို့ သူက ပြောပါတယ်။
တံတား ဖြတ်သန်းခကို ယာဉ်ကြီး၊ ယာဉ်ငယ် အလိုက်ပေးရပြီး ကားတစီးကို အနည်းဆုံး ၅၀၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“စဉ့်အင် တံတားကို MNDAA တပ်ဖွဲ့ က ပြုပြင်နေပါတယ်။ ဖျက်တုန်းကလည်း သူတို့ပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
စဥ့်အင်တံတား ကြမ်းခင်းတွေ လန်ကုန်တာကြောင့် အကြီးစား ပြင်ဆင်နေရတာလို့ သိရပြီး တံတားပြင်ဆင်ချိန် သုံးရက် ကနေ ၅ ရက်ခန့် အထိကြာနိုင်တယ်လို့ သိရပေမယ့် အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။
“တံတား ပိတ်ထားတော့ အတက်အဆင်းကားတွေ ဖောင်ဆိပ် စောင့်နေရလို့ ကားတန်း ရှည်နေတာ” လို့ ခရီးသွား တယောက်ကလည်း ပြောပါတယ်။
တံတားပြင်ဆင်နေချိန် မန္တလေး – နောင်ချို – ကျောက်မဲ – သီပေါ – လားရှိုး လမ်း ကနေ သွားလာ နိုင်သလို သီပေါ – မိုးတေ – မန်စံ – အီနိုင်း – လားရှိုး လမ်း ကနေလည်း သွားလာ အသုံးပြုနိုင်ကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
Photo Crd# ယာဉ်မောင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW