ဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး Grab Biker ပို့သူတွေပါလုယက်ခံနေရ

မတ် ၁၇ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့၊ဂျပန်တံတားအဆင်း ဒေါပုံဘက်ခြမ်းမှာ လုယက်မှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး လုယက်ခံရမှုတွေလည်းအများအပြားရှိနေတယ်လို့ သာကေတနဲ့ ဒေါပုံမြို့နယ်အတွင်းမှာ နေထိုင်သူတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
မတ်လ ၁၆ရက် မနေ့ ေန့လယ်မှာ ပုဇွန်တောင်မြို့နယ်ဘက်ခြမ်းနဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဲဒီဂျပန်တံတားအနီးမှာ Grab Biker ပို့သူတွေကအစ လုယက်ခံနေရတဲ့ ဗီဒီယိုဖိုင်တခုဟာလည်း Facebook လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး ဒီလုယက်မှုကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်မှတ်ချက်ပြုမှုတွေဟာလည်း အမျိုးမျိုးထွက်ပေါ်လို့လာခဲ့ပါတယ်။
“ဟုတ်တယ်ဗျာ့၊အိမ်ကအမေဆို ခဏ ခဏ ပြောတယ်။အဲဒီတံတားအဆင်းမှာ လုယက်မှုတွေရှိနေတယ်။အလုခံရတာတွေဖြစ်တယ် ပြောတယ်။အဲဒီတံတားဘက်ကို သွားရင် သတိထားဖို့ ဂရုစိုက်ဖို့ အိမ်ကအမေကတော့ သတိအမြဲပေးတယ်”လို့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတယောက်က VOM ကို ပြောပါတယ်။
ဒီနေ့ Facebook လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ လုယက်မှုဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့သူတွေနဲ့ ဒေသတွင်းသတင်းတွေအရ Grab Biker နဲ့ ပစ္စည်းပို့လာသူတယောက်ကို လုယက်သူ သုံးယောက်က ဝိုင်းဝန်းလုယက်ခဲ့ရာမှာ အနီးအနားမှာ ရှိနေတဲ့ Foodpanda Biker တယောက်ကတွေ့ရှိလို့ စက်ဘီးနဲ့ ဝင်တိုက်ပြီး ဖမ်းဆီးပေးရာမှ လုယက်ခဲ့သူတယောက်ကိုဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဒီကနေ့ သာကေတ တံတားအဆင်းမှာ Grab Biker ကိုသုံးယောက် လုတာ အဲဒါကို Foodpanda Biker ကတွေ့တော့ စက်ဘီးနဲ့ ဝင်တိုက်ပြီး ဖမ်းတာ လုယက်သူတွေကကတ်ကြေးတွေနဲ့ထိုး လက်သီးတွေနဲ့ ထိုးပြီး ပြန်ရန်ပြုပေမယ့် လုယက်သူတယောက်မိတယ်။နှစ်ယောက်လွတ်သွားတယ်။ဝင်ဖမ်းပေးတဲ့ Foodpanda စက်ဘီးသမားကို ဂုဏ်ပြုမယ်လို့လည်းပြောတယ်”လို့ အဲဒီဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ တယောက်က မှတ်ချက်ပြု ပြောပြထားပါတယ်။
ပစ္စည်းပို့တဲ့သူတွေအပေါ် လုယက်ခဲ့တဲ့ လုယက်သူတွေကိုလည်း Facebook လူမှုကွန်ရက် အသုံးပြုသူတွေကပြစ်တင်ဝေဖန်စကား ဆိုထားတာကိုလည်းတွေ့ရပါတယ်။
“အခု Deli ပို့ရတဲ့ ပစ္စည်းပို့ရတဲ့ အလုပ်တွေက ပို့ခဘာမှရတာမဟုတ်ဘူး။နေပူမရှောင်၊မိုးရွာမရှောင် ပို့ရတာပါ။အခုပစ္စည်းပို့ရတာ ဝင်ငွေလည်း ဒီလောက်သိပ်များများရတာ မဟုတ်တော့ဘူး။Way လမ်းကြောင်းတွေများတာတောင် ပို့ခရတာနည်းတော့ သိပ်မကိုက်ဘူး။အရင်လိုမဟုတ်ဘူး၊လုပ်ရကိုင်ရတာကြပ်ပါတယ်”လို့ တပိုင်တနိုင် Deli ပစ္စည်းပို့ လုပ်ငန်းကို လုပ်ကိုင်သူတယောက်က ထပ်လောင်း ပြောပြပါတယ်။
သာကေတနဲ့ ဒေါပုံမြို့နယ်မှာနေထိုင်သူတွေကတော့ အဲဒီဂျပန်တံတားအဆင်းမှာလုယက် သူတွေ လုယက်တဲ့အဖွဲ့တွေအမြဲရှိနေလို့ ပုံမှန် အလုပ်အသွားအပြန်တွေမှာ ဂရုစိုက်ကြဖို့နဲ့ အထူးသဖြင့် အဲဒီနေရာတွေကို ညမှောင်ချိန်တွေမှာ တယောက်ထဲ မသွားလာကြဖို့ လူမှုကွန်ရက်တွေပေါ်မှာ သတိပေးနှိုးဆော်ထားတာကိုလည်း တွေ့ရပါတယ်။
ဒေါပုံမြို့နယ်ဒေသခံတွေရဲ့ ပြောပြမှုအရ အဲဒီဂျပန်တံတားအနီးတဝိုက်နဲ့ တံတားပေါ်က ပန်းခြံအနီးအနားမှာ ဖုန်းအလုခံရမှုတွေ ရွှေငွေပစ္စည်းလုယက်ခံရမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေတာဖြစ်တယ်လို့လည်း မှတ်ချက်ပြု ပြောဆိုထားကြပါတယ်။
တချို့ကလည်း သူတို့ လုယက်ခံရတဲ့ သူတို့ ကြုံတွေ့ရတဲ့ ဖြစ်စဉ်တွေအပေါ် နောက်လူတွေ သတိပြုနိုင်ရန် လူမှုကွန်ရက်ပေါ်တွေမှာ ပြောဆိုသတိပေး မျှဝေမှုတွေကိုလည်း တွေ့ရပါတယ်။
Video: La Yaung ( လူမှုကွန်ရက် ပေါ်တွင် ပျံ့နှံ့နေတဲ့ Grab Bicker လုယက်ခံရမှု Video ဖိုင်မှတ်တမ်း)

Related posts

Leave a Comment

VOM News

FREE
VIEW