မြောက်မက်ဆီဒိုးနား နိုက်ကလပ်မီးလောင်မှု ၅၉ ယောက်သေပြီး ၁၅၀ ကျော်ဒဏ်ရာရ

စကော့ပီရာချ်၊ မတ်-၁၇-၂၀၂၅
ရတီ(VOM)
မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၅၉ ယောက်သေဆုံးပြီး ၁၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
မီးလောင်မှုဟာ မြို့တော်စကော့ပီရာချ်အရှေ့ဘက် ကီလိုမီတာ ၆၀ အကွာရှိ Pulse club မှာ မနက် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ နာမည်ကြီး ဟစ်ဟော့ဂီတအဖွဲ့ဖြစ်တဲ့ DNK ဖျော်ဖြေနေပြီး လူ ၁၅၀၀ လောက် ရှိနေချိန်ဖြစ်ပါတယ်။
လူငယ်များစွာ အသက်ဆုံးရှုံးရတဲ့အတွက် လွန်စွာဝမ်းနည်းကြောင်းဝန်ကြီးချုပ် မစ်ကိုစကီကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူလေးယောက်ကို ဖမ်း၀ရမ်းထုတ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။
နိုက်ကလပ်ပိုင်ရှင်အပါအဝင် လူ ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ မီးလောင်မှုဟာ မျက်နှာကျက်တွေမှာရှိနေတဲ့ စက်ပစ္စည်းအသေးစားတွေကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ကနဦးအစီရင်ခံစာတွေက ဆိုပါတယ်။
လူတွေဟာ အပြင်ကိုထွက်ရမယ့်အစား ကနဦးမီးလောင်မှုကို ငြိမ်းသတ်နေတာ ကြည့်နေကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးသူအများစုမှာ အသက် ၁၄ နှစ်မှ ၂၄ နှစ်အရွယ်အများစုဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ၁၈ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images

Related posts

VOM News

FREE
VIEW