အန်ကာရာ၊ မတ်-၂၆-၂၀၂၅
ရတီ (VOM)
တူရကီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပြီး ခုရက်မြောက်နေ့မှာတော့ ကျောင်းသား၊ သတင်းသမား၊ ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူ ၁၄၀၀ ကျော် အဖမ်းခံထားရပါတယ်။
ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံးဖြိုခွင်းတာနဲ့ ဖမ်းဆီးတာတွေကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့က ရှုတ်ချထားပါတယ်။
အကျင့်ပျက်ချစားမှုအပြင် အကြမ်းဖက်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အတိုက်အခံသမ္မတလောင်းဖြစ်လာမယ့် အီမာမိုဂလူကတော့ ဒါဟာ နိုင်ငံရေးအရ ချောက်ချတာလို့ ဝေဖန်ပါတယ်။ လက်ရှိမှာတော့ သူ့ကို အကျဉ်းထောင်ပို့ထားပါတယ်။
လက်ရှိ သမ္မတအာဒိုဂန်ရဲ့ နိုင်ငံရေးပြိုင်ဘက်အဖြစ် ရှုမြင်ခံထားတဲ့ အစ္စတန်ဘူလ်မြို့တော်ဝန်ကို အီမာမိုဂလူကို ဖမ်းဆီးခံရပြီးနောက် ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ ပိုမိုပြင်းထန်လာပြီး ဒါဟာ နှစ်များစွာအတွင်း တူရကီအစိုးရအပေါ် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
တူရကီသမ္မတ အာဒိုဂန်က ဆန္ဒပြပွဲများကို ဝေဖန်ထားပြီး အတိုက်အခံပါတီများသည် မငြိမ်မသက်မှုများကို မီးလောင်ရာလေပင့် လု်ပဆောင်နေတယ်လို့ ပြောပါတယ်။ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်သူတွေအတွက် နေစရာရှိဘူးလို့ ပြောပါတယ်။
ဆန္ဒပြမှုတွေကို တားဆီးဖို့နဲ့ မငြိမ်မသက်မှုတွေကို ထိန်းသိမ်းဖို့ အတွက် အစ္စတန်ဘူလ်မှာ လမ်းအချို့ကို အာဏာပိုင်တွေက ပိတ်ထားပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရနုတ်ထွက်ပေးရေးအတွက် တောင်းဆိုနေကြပါတယ်။
ဆန္ဒပြသူအချို့ကတော့ မျက်နှာမှတ်မိပြီး ဖမ်းဆီးခံရနိုင်ခြေကနေ ရှောင်ရှားဖို့ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြတယ်လို့ ပြောပါတယ်။ တူရကီအတိုက်အခံ စီအိတ်ချ်ပီပါတီကတော့ အစ္စတန်ဘူလ်မြို့တော်ခန်းမရှေ့မှာ ညစဉ်လူထုစုဝေးပွဲတွေ လုပ်နေပြီး လာမယ့်စနေနေ့မှာ လူထုစုဝေးပွဲ အကြီးအကျယ် လုပ်မယ်လို့ ကြေညာထားပါတယ်။
Ref:BBC
Photo:Reuters