ဆိုးလ်၊ မတ်-၂၆-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၂၄ ယောက်ထိ ရှိလာပြီလို့ အာ ဏာပိုင်တွေက ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
တောမီးကြောင့် လူပေါင်း ၂၃၀၀၀ ကျော် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး သေဆုံးသူတွေဟာ အသက် ၆၀ ကနေ ၇၀ အရွယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၂၆ ယောက်ရှိနေပြီး ၁၂ ယောက်ကတော့ စိုးရိမ်ရတယ်လို့ပြောပါတယ်။
မကြံဖူးအကျပ်အတည်းဟာ အရေးပေါ်အခြေအနေရှိနေဆဲဖြစ်ပြီး နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး တောမီးဖြစ်တယ်လို့ တောင်ကိုရီးယား ယာယီသမ္မတက ပြောပါတယ်။ တောမီးဟာ ပြီးခဲ့တဲ့ သောကြာနေ့မွန်းလွဲပိုင်းက ဆန်ချောင်ခရိုင်မှာ စတင်လောင်ကျွမ်းခဲ့တာ အိမ်နီးချင်း ခရိုင်လေးခုထိ ပျံ့နှံ့နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ယူဆောင်မြို့မှာတော့ တောမီးဟာ အဆိုးရွားဆုံးလောင်ကျွမ်းနေပြီး ခရိုင်အတွင်းရှိ တောင်တန်းပေါ်မှာ မီးသတ်ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ တောမီးဟာ သစ်တောဧက ၄၂၀၀ ကျော်ထိ လောင်ကျွမ်းခဲ့ပြီဖြစ်ပါတယ်။
တောမီးဟာ မြို့မှာရှိတဲ့ အေဒီ ၆၁၈ က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းကိုပါ လောင်ကျွမ်းခဲ့တယ်လို့ သစ်တောတာဝန်ရှိသူတွေက အတည်ပြုထားပြီး ဒါဟာ ပြည်နယ်အတွင်းမှာ အကြီးဆုံး ဘုန်းတော်ကြီးကျောင်းလည်း ဖြစ်ပါတယ်။
နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိ ဂန်ဆာ ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကတော့ ဘေးလွတ်ရာကို ရွေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ပျှမ်းမျှအားဖြင့် မိုးရွာသွန်းမှုနည်းပါးပြီး ပုံမှန်အခြေအနေတွေထက် ခြောက်သွေ့လေ့ရှိပါတယ်။
ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုဟာ ၂၄၄ ကြိမ်ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၂ ဒဿမ ၄ ဆ ပိုမိုများပါတယ်။ တောမီးရဲ့ အဓိကအကြောင်းရင်းမြစ်တဲ့ တရားမဝင်တောမီးရှို့တာတွေကို တင်တင်းကြပ်ကြပ် အရေးယူဖို့ တောင်ကိုရီးယားအစိုးရက ညွှန်ကြားထားပါတယ်။
Ref:BBC
Photo:Getty Images/AFP