ဗာတီကန်၊ ဧပြီ-၂၆-၂၀၂၅
ရတီ(VOM)
ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနမှာ နောက်ဆုံးဂါရဝပြုဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြပြီဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၅၀ ကျော်မှ တက်ရောက်လာသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ အကြိမ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ပါဝင်ပါတယ်။
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ရုပ်အလောင်းကို လွန်ခဲ့တဲ့ သုံးရက်အတွင်း လာရောက်ဂါရဝါပြုသူ နှစ်သိန်းခွဲဝန်းကျင်ထိ ရှိတယ်လို့ ဗာတီကန်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်အလောင်းကို ရင်ပြင် ပင်မတံခါးကနေ သယ်ဆောင်သွားမှာဖြစ်ပြီး ဘေးတဖက်တချက်မှာ ရာနဲ့ချီတဲ့ ကာဒီနယ်တွေ ခြံရံသွားမှာဖြစ်ပါတယ်။
တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ အာဂျင်တီးနား၊ ပြင်သစ်၊ ဂါဘွန်၊ ဂျာမနီ၊ အီတလီ၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ ယူကရိန်းသမ္မတ၊ ဗြိတိန်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့အပြင် ဥရောပခေါင်းဆောင်အတော်များများလည်း ပါဝင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ တာဝန် ၁၂ နှစ်ကြာကာလအတွင်း ရိုမန်ကတ်သလစ်အသင်းတော် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေနဲ့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ရွေ့ပြောင်းဒုက္ခသည်တွေကို ချမ်းသာတဲ့ နိုင်ငံတွေက ကူညီရေးနဲ့ သဘာ၀ပတ်ဝန်းကျင်ပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
ဈာပနကိုတော့ သူ့ဆန္ဒအတိုင်း ရိုးရှင်းစွာပြုလုပ်မှာဖြစ်ကာ ရုပ်အလောင်းကို စိန့်ပီတာရင်ပြင်ကနေ နှစ်မိုင်ခွဲအကွာရှိ စိန့်မေရီဘုရားကျောင်းမှာ ဂူသွင်းမှာဖြစ်ပြီး ဒါဟာအစဉ်အလာကိုချိုးဖျက်ပြီး စိန့်ပီတာပြင်ပမှာ ပထမဆုံးသင်္ဂြိုတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကွယ်လွန်ပြီးနောက် ကာဒီနယ်များ စုစည်းကာ အသင်းတော်အခြေအနေကို အကဲဖြတ်ခြင်းနဲ့ အခြားအခြေအနေတွေကို အစည်းအဝေးပြုလုပ်မှာတွေကြောင့် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ခန့်အပ်မှုကို မေ ၆ ရက်မတိုင်ခင်ထိ စတင်နိုင်ဖွယ်မရှိသေးပါဘူး။
မကြာသေးခင်က ဆေးရုံကနေဆင်းလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အီစတာပွဲတော်ကာလ ထောင်ပေါင်းများစွာသော ဝတ်ပြုသူတွေကို ဆုတောင်းပေးဖို့ လူမြင်ကွင်းကို ထွက်ပေးလာပြီးနောက် တရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ပန်းနာရင်ကြပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က ရောမမြို့ရှိ ဆေးရုံမှာ ကာလအတန်ကြာ ကုသမှုခံယူခဲ့ရပြီးနောက် မကြာသေးခင်မှာ ဆေးရုံက ဆင်းလာတာပါ။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနှစ်ဇွန်လအတွင်းမှာတော့ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်မှုခံယူခဲ့ရပါတယ်။
သူဟာ အသက် ၂၁ နှစ်အရွယ်ကတည်းက အဆုတ်တစိတ်တပိုင်းကို ဖယ်ရှားခဲ့ရသူဖြစ်ပါတယ်။ ရိုမန်ကက်သလစ်အကြီးအကဲအဖြစ် တာဝန်ယူစဉ် ၁၂ တာကာလအတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Ref:Reuters
Photo:AP/Reuters/GettyImages