ညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ကာလ (၁)လ ထပ်တိုးကြောင်း ကြေညာပြန်

မေ ၂ -၂ဝ၂၅
KKO(VOM)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က တဖက်သတ်အပစ်ရပ်ကာလသက်တမ်းကို (၁) လထပ်တိုးလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ကြေညာလိုက်တဲ့အဖွဲ့တွေကတော့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)၊အာရက္ခတပ်တော် (AA)တို့ပဲဖြစ်ပါတယ်။
တဖက်သတ်အပစ်ရပ်ကာလသက်တမ်းကို တလထပ်တိုးခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကတော့ ငလျင်နောက်ဆက်တွဲတိုက်တာအဆောက်အအုံတွေ ရှင်းလင်းဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်း တွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် အပစ်ရပ်တာဖြစ်တယ်လို့ သူတို့ရဲ့ထုတ် ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးအတွက်ဟုဆိုကာ အပစ်ရပ်ကာလကို ဧပြီ ၁ ရက်ကနေ ၃၀ ရက်ထိ ကြေညာခဲ့ပြီးနောက် အခုသက်တမ်းကို တလအထိထပ်မံတိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။
“အပစ်အခတ်ရပ်စဲဖို့က သိပ်မထင်ပါဘူး။ဘက်အသီးသီးက ကိုယ်ကျိုးစီးပွားတွေရှိနေကြပါတယ်။နောက်ပြီးအပစ်ရပ်ဖို့ဆိုတာက မြေပြင်မှာတကယ်တိုက်နေတဲ့အဖွဲ့တွေကိုယ်တိုင်က တကယ်အပစ်ရပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးစကားပြောရင်အပစ်အခတ်က ခဏလေးပဲရပ်ရပ်ပေါ့။အပစ်ရပ်တဲ့အပေါ်မှာကြိုဆိုတယ်။ ထောက်ခံတယ်၊သဘောတူတယ်။ဒီလိုမျိုးအပစ်ရပ်ဖို့ဘက်အသီးသီးကပါဝင်လာဖို့ဆိုရင် ဒါကိုလည်းခဏခဏပြောပါတယ်။အင်အားအကြီးဆုံးအဖွဲ့ကြီးတွေကလျော့ပေးရမယ်။တိုင်းပြည်ကိုအမျှော်အမြင်ရှိစွာနဲ့ နောင်ရေးအတွက်အမျှော်အမြင်ကြီးကြီးနဲ့ လျှော့ပေးရမယ်။ဒါအရေးကြီးပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။
ဒီလိုအပစ်ရပ်ဖို့ ကြေညာထားတဲ့ကာလအတွင်း တိုက်ပွဲနေရာတွေမှာ မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှလွဲလို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးတွေကိုပြုလုပ်မှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အသိပေးထားပါတယ်။
၂၀၂၅ ခုနှစ်၊မတ်လ ၂၈ ရက် ‘မန္တလေး-စစ်ကိုင်းငလျင်ကြီး’ နောက်ပိုင်းမှာ နစက အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့က ယာယီအပစ်ရပ်ကြေညာချက်တွေ ထုတ်ခဲ့ပေမဲ့ တိုက်ပွဲဖြစ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်ရှိခဲ့တယ်လို့ ISP-Myanmar ဆိုထားပါတယ်။
ISP-Myanmar ရဲ့ Conflict, Peace and Security ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်နေတဲ့ သုတေသနပြု လေ့လာချက်တွေအရ ငလျင်ကြီးအပြီး နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၅ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလိုစနက ဘက်က ၃၉ မြို့နယ်ထက်မနည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဟာ အကြိမ်ရေ ၁၆၀ ကျော်တယ်လို့ ဆိုထားပါတယ်။အဲဒီအထဲက ၄၇ ရာခိုင်နှုန်း(၇၄ ကြိမ်)ဟာ ယာယီအပစ်ရပ်ကြေညာချက်ထွက်ပြီး နောက်ပိုင်းမှာမှ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခြားတဖက်မှာလည်း ငလျင်ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ အပါအဝင် အပစ်မရပ်တဲ့ တော်လှန်ရေး တပ်ဖွဲ့ တချို့ကလည်း သူတို့ရဲ့ မူလစစ်ဆင်ရေးရည်မှန်း ချက်တွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြတယ်လို့လည်း ISP-Myanmar က ရေးသားဖော်ပြထားပါတယ်။
Ref – ISP-Myanmar

Related posts

Leave a Comment

VOM News

FREE
VIEW