ဂါဇာစီးတီး၊ မေ-၃-၂၀၂၅
ရတီ(VOM)
ဂါဇာကမ်းမြှောင်ဒေသအတွက် အရေးကြီးထောက်ပံ့ကူညီရေးပစ္စည်းတွေကို အစ္စရေးရဲ့ ပိတ်ဆို့ထားမှုဟာ နှစ်လကြာမြင့်လာပြီဖြစ်ပြီး ဂါဇာဒေသခံတွေ အစုလိုက်အပြုံလိုက် အငတ်ဘေးဆိုက်နို်ငကြောင်း ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။
ရည်ရွယ်ချက်ရှိရှိ ငတ်မွတ်အောင်လုပ်တာဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည် အကူအညီပေးရေး အေဂျင်စီက ဝေဖန်ထားပြီး အစ္စရေးအပေါ် နိုင်ငံတကာ ဖိအားတွေလည်း တိုးပွားနေပါတယ်။
ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေဟာ အစားအသောက်အတွက် အကူအညီပေးရေးအဖွဲ့တွေရဲ့ မီးဖိုချောင်တွေကို အားထားနေရပြီး ခန်းယွန်နစ်ရှိ အရီနာမှာလည်ပတ်နေတဲ့အဖွဲ့ကတော့ တနေ့ကို လူ ၆၀၀၀ အတွက် ချက်ပြုတ်ကျွေးမွေးနေပါတယ်။
ဒါပေမယ့် အစ္စရေးရဲ့ ပိတ်ဆို့မှုတွေ မရုပ်သိမ်းရင်တော့ ဂါဇာမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခတွေဟာ ကုန်လုဆဲဆဲဖြစ်နေပါတယ်။ အကူအညီတွေကို ဟားမတ်စ်အဖွဲ့က ခိုးယူနေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။
ဂါဇာအတွက် အစားအစာနဲ့ ဆေးဝါး ဝင်ရောက်မှုတွေကို အစ္စရေးက မတ် ၂ ရက်ကတည်း.က ပိတ်ပင်တားမြစ်ထားတာဖြစ်ပြီး ဒါဟာ ဟားမတ်စ်အဖွဲ့ကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ ဟားမတ်စ်တို့ကို အကူအညီတွေ ရောက်ရှိမှုကို တားဆီးဖို့ အစ္စရေးက ရည်ရွယ်ပေမယ့် အရပ်သားတွေရဲ့ အစားအစာဖူလုံရေးကို ဆိုးရွားစွာ သက်ရောက်နေကြောင်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒါဟာမဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် ကလေးငယ်တွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းကို ထိခိုက်သက်ရောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အစီအစဉ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန်က ပြောပါတယ်။
Ref:BBC
Photo:BBC
