အိန္ဒိယနဲ့ ပါကစ္စတန်တို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး အပြန်အလှန် အင်အားပြ

ဒေလီ၊ မေ-၃-၂၀၂၅
မျိုးဆက်(VOM)
အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုအပြီး တင်းမာမှုတွေမြင့်တက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြန်အလှန် စစ်အင်အားတွေပြပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယလေတပ်ဟာ အမြန်လမ်းတလျှောက်မှာ လေယာဉ်တွေ ဆင်းသက်တာနဲ့ ပျံသန်းမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး ဒါဟာ တိုက်ခို်ကမှုတခုခုကြောင့် လေယာဉ်ပြေးလမ်းတွေ အသုံးပြုမရရင် အမြန်လမ်းကို အသုံးပြုဖို့ လေ့ကျင့်မှုအဖြစ် ရှုမြင်ရပါတယ်။
ပါကစ္စတန်ကလည်း တာဝေးပစ်အမြောက်တွေ၊ စစ်လေယာဉ်တွေနဲ့အတူ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အိန္ဒိယရဲ့ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို လျင်မြန်ပြတ်သားစွာ တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်ထပ် ထိပ်တန်းတာဝန်ရှိသူက သတိပေးထားပါတယ်။
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က စစ်သွေးကြွတိုက်ခိုက်မှုအတွင်း ခရီးသွား ၂၆ ယောက်သေဆုံးခဲ့ပါတယ်။ ဒီကိစ္စမှာ ပါကစ္စတန်ပါဝင်ပတ်သက်ကြောင်း အိန္ဒိယက စွပ်စွဲထားပေမယ့် တဖက်ကတော့ ငြင်းဆိုထားပါတယ်။
တိုက်ခို်ကမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုတွေနဲ့အတူ နောက်ထပ် ဖမ်းဆီးမှုတွေလည်းရှိနေပါတယ်။ ဒီဒေသမှာ ၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်သူပုန်ထမှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ လက်ရှိပိုင်းခြားထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ဒီကိစ္စကြောင့် နှစ်ကြိမ်တိုင် စစ်ခင်းခဲ့ဖူးပါတယ်။ မကြာသေးမီရက်အတွင်းကလည်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုပြီးနောက်မှာ နှစ်နိုင်ငံသံတမန်တွေကို အပြန်လှန်နှင်ထုတ်မှုတွေ၊ နိုင်ငံသားတွေကို ဗီဇာပေးတာရပ်ဆိုင်းတာတွေ၊ လေကြောင်းလိုင်း ပိတ်ပင်တာတွေအပါအဝင် သံတမန်ရေးရာ တင်းမာမှုတွ မြင့်တက်နေပါတယ်။
Ref:BBC
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW