တောင်ကြီးမှာ ရေဆင်းချိုးရင်း ပျောက်ဆုံးသွားတဲ့ ကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်း ပြန်တွေ့

ဇွန် ၉၊ ၂၀၂၅
ZY(VOM)
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ၀င်္ကပါ ရေထွက် ရေကန်မှာ ဇွန်လ ၈ရက်၊ ညနေ ၃ နာရီခန့်ကရေဆင်းချိုးရင်း ရေနစ်ပျောက်ဆုံးသွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ရတနာသီရီရပ်ကွက်က ကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်းကို ၁၂နာရီအကြာမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
အဲဒီကိုရင်နှစ်ပါးရဲ့ ရုပ်အလောင်းကို မီးသတ်တပ်ဖွဲ့အပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပြီး ဒီကနေ့ ဇွန်လ ၉ရက်၊ မနက်အစောပိုင်းမှာတော့ ပြန်ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
“မနက် ၃နာရီခွဲလောက်မှာ အလောင်းတွေပြန်တွေ့တယ်။ ရဲတပ်ဖွဲ့က စဝ်စံထွန်းဆေးရုံကို သယ်သွားတယ်။ တော်တော်လေးကို ခက်ခက်ခဲခဲရှာလိုက်ရတာ။ ကယ်ဆယ်ရေးအဖွဲ့တွေတောင် အဲဒီအောက်ကို ဆင်းလို့မရဘူး”လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က VOMကို ပြောပါတယ်။
ကိုရင်တွေ ရေဆင်းချိုး၊ ရေကူးနေချိန် ကိုရင်တပါးက ခြေချော်ကျတဲ့အတွက် တစ်ပါးက ဆွဲတင်စဉ်မှာ နှစ်ပါးစလုံး ရေနစ်မြှုပ်သွားတာဖြစ်ပြီး နှစ်ပါးစလုံးဟာ ရေမကူးတတ်သူ‌တွေ ဖြစ်တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ကိုရင် ၂ပါးစလုံးဟာ တောင်ကြီးမြို့၊ ရတနာသီရီရပ်ကွက်၊ ဓမ္မဝိဟာရကျောင်းတိုက်က ဖြစ်ပြီး အသက် ၁၀နှစ်ဝန်းကျင်အရွယ်ရှိသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
Photo: ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW