ဇူလိုင် – ၇၊၂၀၂၅
GG(VOM)
ပြည်ပကနေ စားသုံးဆီ တင်သွင်းသူတွေကို ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ထုတ်ရောင်းချပေးနေပေမယ့်လည်း ပြည်တွင်းစားဆီစျေးကွက်မှာ စားအုန်းဆီစျေးကျဆင်းခြင်းမရှိသေးဘူးလို့ စျေးကွက်ကစုံစမ်း သိရှိရပါတယ်။
ဗဟိုဘဏ်က ဇူလိုင်လ ၄ ရက်နေ့ မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်းကျော် ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။
စားသုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ထုတ်ရောင်းချပေးနေပေးနေတဲ့ ဒေါ်လာပမာဏကနည်းနေပြီး စားအုန်းဆီတင်သွင်းဖို့အတွက် လိုအပ်တဲ့အမေရိကန်ဒေါ်လာ လိုအပ်ချက်က မြင့်နေဆဲ ဖြစ်တာကြောင့် လိုအပ်တဲ့ဒေါ်လာကို ပြင်ပပေါက်စျေးနဲ့ဝယ်ယူနေရတဲ့အခြေအနေကြောင့် စားအုန်းဆီစျေးနူန်းမှာ ကျဆင်းခြင်းမရှိသေးတာဖြစ်တယ်လို့သိရပါတယ်။
” ဗဟိုဘဏ်ကရောင်းပေးပေမယ့် လိုအပ်ချက်ကို မကာမိဘူးဖြစ်နေတော့ ဒေါ်လာလိုအပ်ချက်ကရှိနေဆဲပဲ။လိုတဲ့ဒေါ်လာကို ကျွန်တော်တို့ကအပြင်ကဝယ်ရတယ်။ လိုအပ်တဲ့ဒေါ်လာကိုသာ ဗဟိုဘဏ်ရော ပြင်ပဘဏ်တွေမှာ လိုသလိုဝယ်လို့ရနေရင် စျေးတွေလည်း ကျလာမှာပါ။ဒေါ်လာလိုအပ်ချက်မပြည့်မီသရွေ့တော့ စျေးကမြင့်နေအုံးမှာပါ။ဒီလိုမှမဟုတ်မရင် ပြည်တွင်းမှာ လုံလောက်အောင်ထုတ်ဖို့နည်းပဲရှိတယ်။” လို့ စားသုံးဆီ လုပ်ငန်းရှင်ကပြောပါတယ်။
လက်ရှိ ပြည်တွင်းစားသုံးဆီစျေးကွက်မှာ စားအုန်းဆီ တပိဿာကို ၁၂၀၀၀ ကျပ်အထက်မှာပဲရှိနေပါတယ်။
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်တဲ့ ခုတပတ်အတွက် စားအုန်းဆီ ရည်ညွှန်စျေးကမူ တပိဿာကို ၆၀၆၀ ကျပ်သာရှိတာကြောင့် ရည်ညွှန်းစျေးထက် နှစ်ဆစျေးနူန်းမြင့်တက်နေဆဲ ဖြစ်ပါတယ်။
အဆိုပါရည်ညွှန်းစျေးနဲ့ စားသုံးသူထံ တိုက်ရိုက်ရောင်းချပေးမှုကလည်း လူတယောက်ကို ဆီအကန့်သတ်နဲ့သာ ဝယ်ယူရရှိပြီး မြို့နယ်များရှိ ဆီဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူလို့မရတဲ့အခြေအနေတွေကလည်း စားအုန်းဆီ စျေးမကျဆင်းရခြင်း အကြောင်းတခုဖြစ်တယ်လို့သိရပါတယ်။
” ကျွန်မတို့ဝယ်စျေးကိုက သူတို့ပြောတဲ့ရည်ညွှန်းစျေးနဲ့မရပါဘူး။ပြင်ပပေါက်စျေးဝယ်ရတော့ ကိုယ်ကိုက်မယ့်နူန်းပဲရောင်းရတာပေါ့။ စျေးသက်သက်သာသာနဲ့ရောင်းရရင်ပိုတောင်ရောင်းကောင်းပါတယ်။အရင်လိုဆိုင်တိုင်းမှာသာ ဆီစျေးသက်သက်သာသာနဲ့ လူတိုင်းဝယ်လို့ရနေရင် ဘယ်စျေးတက်မလဲ။အရင်ကဆို ရည်ညွှန်စျေးနဲ့ရတဲ့ဆီခွဲတမ်းကုန်ရင်ရပ်လိုက်တယ်။ကျန်ဆီကိုပေါက်စျေးနဲ့ရောင်းရတယ်။အခုကတော့ ဆီခွဲတမ်းမရလို့ ရည်ညွှန်းစျေးနဲ့မရောင်းနိုင်ပါဘူး။” လို့ စားသုံးဆီ အရောင်းဆိုင်ပိုင်ရှင်ကပြောပါတယ်။
ကော်မတီကတော့ စားဆီလုပ်ငန်းရှင်တွေအနေနဲ့ ဆီကိုပြန်လည်ရောင်းချရာမှာ အပတ်စဥ်ထုတ်ပြန်နေတဲ့ စားအုန်းဆီ ရည်ညွှန်စျေးအပေါ်ကို အသားတင်အမြတ် ၂ % နှင့်အထွေထွေကုန်ကျစရိတ် ပေါင်းပြီး သာရောင်းချဖို့ သတိပေးထားပါတယ်။
နောက်ပြီး ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေး ယူဆောင်ရွက်မယ်ဆိုပြီးပြောဆိုထားပါတယ်။
အဲဒီနောက်မှာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့စည်းတွေပူးပေါင်းပြီး စားသုံးဆီ ဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ကာ စားသုံးဆီစျေးတင်ရောင်းခြင်းနဲ့ စားအုန်းဆီကို မြေပဲ၊နှမ်းဆီနဲ့ရောပြီးရောင်းချသူတွေကိုပါ အရေးယူခဲ့တာတွေရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း စားအုန်းဆီစျေးက ကျဆင်းလာခြင်းမရှိဘဲ လက်ရှိအချိန်ထိ တပိဿာကို ၁၂၀၀၀ ကျပ်အထက်မှာသာ ဆက်ရှိနေသေးတာကြောင့် စားသုံးသူပြည်သူတွေမှာ ဒုက္ခရောက်နေကြရပါတယ်။
” တပိဿာ ၆၀၀၀ ကျော်နဲ့ဝယ်လို့မရတာကြာပါပြီ။အရင်ကရလည်း ငါးဆယ်သားပဲရတာပါ။အခုတော့ တပိဿာ ၁၂၀၀၀ ပေးရပါတယ်။အရင်ကဆီ တပ်ဿာမှ ၂၅၀၀ ပေးရတာ။တက်ပြီးရင်ပြန်မကျတော့ဘူး။ ကြားထဲကပြည်သူပဲဒုက္ခရောက်တယ်။” လို့ စားသုံးသူတယောက်ကပြောပါတယ်။
ယခင် ၂၀၂၀ ခုနှစ် မတိုင်ခင်က စားသုံးဆီ တပိဿာ ကို ၁၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိသာအများဆုံးရှိပြီး စားအုန်းဆီကို အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားမိသားစုတွေ စားသုံးမှုများပြားပါတယ်။
ပြည်တွင်းမှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း ၊ ဆီအုန်း ၊ နေကြာ ၊ ပဲပိစပ် စတဲ့သီးနှံတွေ စိုက်ပျိုးမှုအများအပြားရှိပေမယ့်လည်း ဆီထုတ်လုပ်နိုင်မှုနည်းတာကြောင့် ပြည်ပကနေ နှစ်စဥ် စားအုန်းဆီ တင်သွင်းနေရတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒေါ်လာစျေးအတက်အကျ ပေါ်လိုက်ပြီး စားသုံးဆီစျေးက အတက်အကျရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
