ဈေးချိုအစစ်ကို မသိကြတော့ဘူး

ဆူးငှက်
သည်ကနေ့ အသက်၂၀ကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလစျေးချို အစစ်အကြောင်း မသိကြတော့ပေ။ မူလစျေးချိုအစစ်စသည်မှာ ဤသို့ဖြစ်သည်။
မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ် ဌာနအပါအ၀င် မြို့ပြမြေယာတွင် စျေးများလည်း ပါ ရှိခဲ့သည်။ စျေးသည်တိုင်းပြည်၏ ၀မ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သော အခါ စျေးများကို စနစ်တကျနေရာချခဲ့သည်။
မန္တလေးအနောက်ပြင် ကျယ်၀န်းသောနေရာတွင် လက်ကားစျေးကြီးတစ်စျေးဖြစ်သော ““မလွန်စျေး”” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာ၀တီနှင့်လည်း နီးသည်။ ရှမ်းပြည် နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေး၀န်းရပ် နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် သစ်သီးသစ်နှံများ ၀င်ရောက်လာ ရာ ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း အရှေ့နှင့် အနောက် ကပ်လျက်ဖြစ်သည်။
လက်ကားစျေးကြီးဖြစ်သော မလွန်စျေးကို ကြို သည့် စျေးတစ်စျေးလည်း မြောက်ဘက်မလှမ်းမကမ်း တွင် အတူတည်ထားခဲ့သည်။ မလွန်စျေးကို ကြိုသော ကြောင့် ““စျေးကြို””ဟု ခေါ်တွင်သည်။ ““စျေးကြို””ကို နောက်တစ်ခါ ““စျေးချိုတော်””ဟု ခေါ်တွင်ခဲ့သည်။ စျေးကြိုများက ယခင်မင်းနေပြည်များဖြစ်ခဲ့သော အင်း ဝနေပြည်တော်၊ အမရပူရနေပြည်တော်၏ ပန္နက်များ တွင်လည်း ပါရှိခဲ့သည်။
““စျေးကြို””၏ မူလနေရာသည် ယခုငါးပိတန်း လက်ကြား (စျေးချိုတော် တိုက်တန်းကြီး၏ အရှေ့ ဘက်) ၂၆ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်သည်။ မူလမန္တလေး ““စျေးကြို””က အမရပူရ ““စျေးကြို””ပုံစံအတိုင်း တည် ဆောက်ခဲ့သည်။ ၁၈၇၆ခုနှစ်တွင် မူလ ““စျေးကြိုတော်”” ကို ပြင်ဆင်တည်ဆောက်လိုက်၏။ သစ်သားများဖြင့် သာ ပြန်လည်တည်ဆောက်ခဲ့သည့် အဆိုပါ စျေးကြို (စျေးချို)မှုာ ၁၉၀၂ခုနှစ် ဧပြီ၁၂ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ရက်)တွင် မီးကြီးလောင် ကျွမ်းသည်။ ထို့နောက် နှစ်(၉၀)ကျော်ကြား သက်တမ်း ရှည်၍ ကမ်္ဘာကျော်ခဲ့သော ၁၂ရုံ အုတ်တိုက် စျေးချို တော်ကြီးကို ““အုတ်ကာသွပ်မိုး”” ဟူသော နေ့နာမ်သင့် အတိုင်း ၁၂၆၅ ခု(၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့ သည်။ ဗိသုကာမှာ မန္တလေးမြူနီစပယ်၏ ပထမဆုံး အတွင်းရေးမှူး အီတလီလူမျိုး Count Caldaryi ဖြစ်သည်။
၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း(သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅၀၀ နီးပါး) ရှည်၍ အရှေ့အနောက်အနေနှင့် ၈၄လမ်းအထိ တစ်ပြ (ပေ ၆၀၀ နီးပါ)ကျယ်သည်။ အုတ်တိုက် သွပ် မိုးရုံကြီး ၁၂ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက် ရှိသော ရုံကြီး ၃ရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။ ထို့ နောက် နောက်ထပ် ၃ရုံတွဲပြီး အလယ်တွင် ကျယ်၀န်း သော အလယ်ပေါက်ကြီးထားရှိကား ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ၆ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ်အထိ ရှိသည်။ ရုံအလိုက် အမျိုးအစားတူ ကုန်ပစ်္စည်းများကိုပဲ တစ်စုတစ်စည်း တည်း ရောင်းချကြသည်။
မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ရုံအပြင် အရှေ့ဘက်၌ ၈၄လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာပြု၍ ၂၆ဘီလမ်းနှင့် ၂၈လမ်းကြား၌ တိုက်တန်းကြီးတည်ရှိပြီး၊ ၂၆ဘီလမ်း၊ ၈၄လမ်းနှင့် ရွှေတချောင်းမြောင်းကြားတွင် တိုက်တန်းလေးတည် ရှိသည်။ ၁၉၇၀ ၀န်းကျင်တွင် အဆိုပါ တိုက်တန်းလေး ကို ဖျက်သိမ်းပြီး မန်္တလေးမြူနီစီပယ် (ယခုစည်ပင် သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့ တော်ခန်းမ(၃)ဟူ၍ ခေတ်မှီနှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့သည်။
စျေးချိုတော်ပင်မရုံကြီး ၁၂ရုံ၏ တောင်ဘက် ခြမ်း ရုံ ၆ရုံတွဲ၏ အနောက်ဘက်တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်းတို့ တည်ရှိပြီး မြောက်ဘက် ၆ရုံတွဲ၏ အနောက်ဘက်တွင် ငှက်ပျောတန်း၊ မွေ့ယာတန်း၊ လင်းရောင်ခြည် စျေးတန်း၊ အောင်စျေးတန်းတို့ တည်ရှိသည်။
ထို့ကြောင့် စျေးချိုတော်ရုံကြီး ၁၂ရုံ၏ သက်တမ်း ၉၀အတွင်း (၁၉၀၉ ခုနှစ်မှ အဆိုပါရှေးဟောင်းစျေး ရုံကြီးများ စတင်ဖျက်သိမ်းသည့် ၁၉၉၁ ခုနှစ်အတွင်း) စျေးချိုမှ စတင်၍ ကြီးကြီးမားမားမီးဘေးမရှိခဲ့။ ကြီး ကြီးမားမားဆုံးရှုံးမှု မရှိခဲ့။ ယုတ်စွအဆုံးစစ်ကြီးအတွင်း မှာပင် စျေးချိုတော်က ဘေးမသင့်ခဲ့ပေ။ ၁၉ရာစု ကနဦးအစက ဗိသုကာသည် ရေမြေဒေသနှင့်အညီ ခေတ်မီစနစ်ကျလှပါပေ၏။
၁၉၀၂ ခုနှစ် ဧပြီလ ၁၂ရက် (သက္ကရာဇ် ၁၂၆၃ခု တန်ခူးလဆန်း ၅ရက်) မီးကြီးလောင်၍ ယခင်သစ်သား စျေးချိုအဆောက်အဦးကြီး မီးသင့်သောကြောင့် ထို ကဲ့သို့ စနစ်ကျသော အုတ်တိုက် စျေးချိုတော်ကြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလကြီးမှာပင် ထိုစျေးချိုကြီး မီးဘေးမသင့်ခဲ့။ ၁၉၉၀ခုနှစ်က အာဏာတစ်ဦးတစ်‌ယောက်၏ သဘောထားတစ်ခု တည်းဖြင့် အတင်းအဓမ္မ ဖျက်သိမ်းလိုက်မှသာ နိဋ္ဌိတံခဲ့ခြင်း ဖြစ်သည်။
ဆူးငှက်
VOM Viber Channel: https://invite.viber.com/…
#voiceofmyanmar #VOM #​စျေးချို #ဆူးငှက်
Tin Maung

ရွှေတချောင်းရေရှင်မြောင်းလဲပြန်ဖေါ်နိုင်ရင်ကောင်းမှာစက်ဆီကုန်ကျစရိတ်ကြောင့်ပါ

Related posts

Leave a Comment

VOM News

FREE
VIEW