လားရှိုးလ.ဝ.ကမှာ ပွဲစားတွေက တဆင့် မှတ်ပုံတင်ပြုလုပ်ခွင့်မပြု​တော့

ဇူလိုင် ၁၄-၂၀၂၅
နွယ်နီ(VOM)
လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က) ရုံးမှာ ပွဲစားတွေကဆင့် မှတ်ပုံတင်ပြုလုပ်ခွင့်မပေးထားဘဲ ကာယကံရှင် ကိုယ်တိုင် လာရောက်မှ ခွင့်ပြုမယ်လို့ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတာဝန်ရှိသူ တယောက်က ပြောပါတယ်။
လားရှိုးမြို့လူဝင်မှု ကြီးကြပ်ရေးရုံးမှာ မှတ်ပုံတင်၊ အိမ်ထောင်စု၊ မွေးတိုး လက်မှတ် လုပ်ဆောင်ချင်သူတွေအနေနဲ့ ပွဲစားကနေ ငွေသိန်းချီ ပေးနေရတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် လားရှိုးမြို့နယ် လ.၀.က တာဝန်ရှိသူ တယောက်က အခုလို တုံ့ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။
“ပွဲစားကနေ ဝန်ထမ်းတွေကို ငွေသိန်းဆယ်ချီပေးရတယ်ဆိုတာ မဟုတ်ပါဘူ။ ကျွန်တော်တို့ ရုံးမှာ ပွဲစားတွေ အဝင်မခံပါဘူး။ နိုင်ငံသား စီစစ်ရေးကဒ်လုပ်ချင်တဲ့သူ၊ အိမ်ထောင်စု၊ မွေးတိုးအတွက် ကိုယ်တိုင်လုပ်လိုသူတွေပဲ ဝင်ခွင့်ပြုပါတယ်။ ဒါလည်း ဂိတ်ဝမှာ သေချာစာရင်းပေး တိုက်ဆိုင်စစ်ဆေးပြီးမှ ခွင့်ပြုတာဖြစ်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နှစ်နီးပါး ပိတ်ထားရတဲ့ လားရှိုးမြို့အတွင်းက လူဝင်မှုကြီးကြပ်ရေးရုံးတွေကို ၂၀၂၅ မေလ ၁၉ မှာပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။
ရုံးဖွင့်ပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံတွေထဲက မှတ်ပုံတင်၊ အိမ်ထောင်စု လုပ်လိုသူ နေ့စဉ်ရာနဲ့ချီပြီး လ.ဝ.က ရုံးတွေမှာ စောင့်ဆိုင်းခဲ့ကြရပါတယ်။
လ.ဝ.က ရုံးထဲ ဝင်ရဖို့ အတွက် ရုံးအပြင်မှာ နေရာရောင်းတဲ့ ပွဲစားတွေကို ကျပ်ငွေနှစ်သောင်းပေးပြီး နေရာဝယ်ခဲ့ ကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အချိန်မပေးနိုင်တဲ့သူတွေ မစောင့်နိုင်တဲ့ သူတွေက အပြင်မှာ ပွဲစားကို လုပ်ခိုင်းတာ။ မှတ်ပုံတင်၊ အိမ်ထောင်စုအလိုက် သိန်းဂဏန်းအနည်းအများ ပေးရတယ်လို့” ကိုယ်တိုင်ကြုံခဲ့ရတဲ့ လားရှိုးမြို့ခံ တဦးကပြောပါတယ်။
လားရှိုးမြို့နယ် လ.ဝ.က တာဝန်ရှိသူကတော့ ရုံးစဖွင့်ချိန်ကာလတွင် ပွဲစားများကြောင့် ရုံးအမည်ထိခိုက်ခဲ့ရပြီး လက်ရှိမှာ နေရာ ရောင်းစားတဲ့သူတွေကို ဖယ်ရှားလိုက်ပြီလို့ ပြောပါတယ်။
“ရုံးစဖွင့်တုန်းက အလုပ်တွေ စနစ်တကျ မရှိသေးချိန်မှာ အမျိုးမျိုးဖြစ်နေတာ။ အခုတော့ အဲလို နေရာရောင်းတဲ့ သူတွေလည်း မရှိတော့ပါဘူး။ နောက်ပြီး အပြင်မှာ အဲလိုမစောင့်ရအောင် တုံကင်စနစ်နဲ့ ဆောင်ရွက်ပေးနေပါတယ်”
တရက်ကို လူဦးရေ ၁၅၀ ဝန်းကျင်ကို တုံကင်စနစ်နဲ့ လုပ်ဆောင်ပေးနေပြီး ရုံအဝင်မှာ ကတည်းက သက်ဆိုင်ရာ တိုက်နယ်မှူးတွေဆီ လွှဲပြောင်းလုပ်ဆောင်ပေးနေတာလို့ ဆိုပါတယ်။
နိုင်ငံသား စိစစ်ရေး ကဒ်ရသူတွေကို UID လို့ခေါ်တဲ့ စမတ်ကဒ်တွေကိုပါ တစ်ခါတည်း ထုတ်ပေးနေတယ်လို့ လ.ဝ.က တာဝန်ရှိသူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးခရိုင် လက်အောက်မှာရှိတဲ့ သိန္နီ၊ ကွမ်းလုံမြို့တွေက နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စု၊ မွေးတိုးလက်မှတ် ပြုလုပ်လိုသူတွေကိုတော့ လားရှိုးခရိုင် လ.ဝ.က ရုံးမှာ ပြုလုပ်ပေးနေတယ်လို့ လ.ဝ.က ရုံး တာဝန်ရှိသူကပြောပါတယ်။
လားရှိုးမြို့ခံတွေကတော့ မှတ်ပုံတင်အပါအဝင် အိမ်ထောင်စု၊ မွေးတိုးနဲ့ မှတ်ပုံတင် အပျောက် လျှောက်ထားတဲ့ လုပ်ငန်းတွေကို တာဝန်ရှိသူတွေ ဘက်က ဒီထက်ပိုပြီး လျှင်လျှင်မြန်မြန် ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောပါတယ်။
ပုံ CJ ပုံစာ လားရှိုးမြိုနယ် လဝက ရုံးတွင် အား တွေ့ရစဉ်

Related posts

Leave a Comment

VOM News

FREE
VIEW