ရေနီမြောင်းဇာတိမြေ(၁)

ဆူးငှက်
မန္တလေးဆောင်းသည် တစ်ကြော့ပြန်အစွမ်းပြနိုင်ဖို့ လွန်ခဲ့သည့် ရက်အနည်းငယ်က ညပိုင်း အအေးဓာတ် အနည်းငယ်လျော့ သွားတတ်သည်။ သို့သော် သိပ်မကြာ။ ခရစ်စမတ်ညချမ်းသည် နှစ်ကူးညအထိ အအေးဓာတ်က တဖြည်းဖြည်းပိုလာတော့၏။ နှစ်သစ်ကူး မည့် ဒီဇင်ဘာလ (၃၁) ရက်ညမှာတော့ သိသိသာသာ အေးလာပြန်သည်။ သို့သော် သန်းခေါင်တိတိအချိန် ၁၂ နာရီထိုးသံကို စောင့်မျှော် ပျော်ပါး မြူးတူးကြသူ တွေမို့ အအေးဒဏ်ကို သတိမရတစ်ချက် ရတစ်ချက် ..
တကယ်တော့ ဒီဇင်ဘာ (၃၁) နှစ်သစ်ကူးညကို ကမ္ဘာ့အဆင့်မီစွာ ပျော်ရွှင်မြူးတူး ဆင်နွှဲကြခြင်းဓလေ့ကား ခေတ်စားလာတာ လေးငါးခြောက်နှစ် ရှိရောပေါ့။ ထိုညတွင် ဟိုတယ်များ၊ စားသောက်ဆိုင်ခန်းမများ၊ ဘီယာဂါးဒင်းများ၊ ကာရာအိုကေခန်းများအထိ နှစ်သစ်ကူးအထူးအစီအစဉ်များကို ဝှဲချီးကျင်းပကြ၏။ နှစ်သစ်ကူးညချမ်းကား လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးနှင့်သက်ဆိုင်စွာ ဆင်နွှဲပျော်ပါးကြခြင်းဖြစ်သည်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားအရွယ် လွန်ခဲ့သော နှစ် ၂ဝ ကျော်က ဒီဇင်ဘာ (၃၁) ရက်ညချမ်းကို ခရစ်ယာန်သူငယ်ချင်းများနှင့်အတူ ဘုရားကျောင်းမှာပဲ သီးသန့် ဆင်နွှဲခဲ့ကြရသည်။ သည်တုန်းက နှစ်သစ်ကူးညချမ်းသည် လမ်း ၈ဝ ပေါ်ရှိ စိန့်ဂျိုးဇက် (ဖားသားလဖုန်း) ကျောင်းနားပတ်ဝန်းကျင်နှင့် တောင်ဘက်ကျုံးနံဘေးနားတစ်ဝိုက်လောက်သာ စုစုရုံးရုံးရှိခဲ့ကြ၏။ ယခုမူ နှစ်သစ်ကူးညချမ်းသည် တကယ့်ပျော်ရွှင်ပွဲကြီးအသွင် မြို့လုံးကျွတ် အုတ်အော်သောင်းတင်း ဆင်နွှဲကြသည်။
သန်းခေါင်မတိုင်မီမှာပင် ကျုံးပတ်လည် ကားတွေ ညပ်ကုန်သည်။ အမိုးဖွင့်ကားတွေပေါ်မှာ ပါသူတိုင်းက အော်ဟစ်ဆူညံနေ ကြသည်။ ကခုန် နေကြသည်။ အခြွေအရံများနှင့် အုပ်စုများကလည်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သောက်စားကြသည်။ တစ်ဘက်က ကြည့်လျှင်တော့ ပျော်စရာပေါ့။ တစ်ဘက်ကကြည့်ပြန်တော့ မင်းမဲ့စရိုက်တွေ များလာ၏။ ဤကဲ့သို့သော ပျော်ပုံပျော်နည်း အကြီးစား ကတော့ သင်္ကြန်ပွဲတော်ပေါ့။ နောက်တော့ ရိုးရာဘာသာရေးပွဲတော်များဖြစ်သည့် ညောင်ရေသွန်းပွဲ၊ ဝါဆိုပန်းကပ်ပွဲ၊ တန်ဆောင်မုန်း လပြည့် ကျီးမနိုးပွဲ၊ တပို့တွဲလပြည့် ထမနဲပွဲ၊ တပေါင်းလပြည့်ပွဲတွေအထိပါ အုံနှင့်ကျင်းနှင့် မူးယစ်ပျော်ပါးမှုတွေ များလာပြန်ပေါ့။
အဆိုးဆုံးက တန်ဆောင်မုန်းလပြည့်ည ဖြစ်ပါသည်။ ကျီးမနိုးပွဲ၏ ကျီစား နောက်ပြောင်မှုဓလေ့ကို အခွင့်ကောင်းယူကာ ဗိုလ်ကျမှု၊ ရိုင်းစိုင်းမှု၊ နိုင့်ထက်စီးနင်း စော်ကားမှုများ ပိုကဲလာကြသည်။ သည်ဟန် သည်စရိုက် အတိုင်း ဒီဇင်ဘာ (၃၁) ရက် နှစ်သစ်ကူးညကိုလည်း ဆင်နွှဲကြပြန်သည်။ နှစ်သစ်တစ်နှစ်သို့ ချင်းနင်းဝင်ရောက်ခြင်းကာ မင်္ဂလာဖြစ်ပါသည်။ ကျက်သရေ အပေါင်းနှင့် ပြည့်စုံရပါမည်။ စိတ်ကောင်း စေတနာကောင်း မွေးမြူရပါမည်။ ခွင့်လွှတ်နားလည်စိတ်ဖြင့် ငြိမ်းချမ်းသာယာမှုကို တည်ဆောက်ရပါမည်။ ဤနည်း ဤဟန်များဖြင့်သာ ပျော်ရွှင်ကြရပါမည်။ နှစ်သစ်ကူး တေးသီကြူးကြရပါမည်။ နှစ်သစ်ကူးအကကို စုပေါင်းကခုန်ကြရပါမည်။
ဘာပဲပြောပြော… နှစ်သစ်ကဖြင့် ကူးခဲ့ချေပြီ။ အသက်တွေ တစ်နှစ် ကြီးကုန်ပြီ။ ပြီးခဲ့သည့်တစ်နှစ်အတွင်း ဘယ်လောက်များ ခြံဝင်နွားပါ ခဲ့ကြပြီနည်း။ သို့တည်းမဟုတ် ဘယ်လောက်များ အိတ်ပေါက်နှင့် ဖား ကောက်ပြီးကြပါပြီနည်း။ ဘယ်လောက် ရှေ့ရောက်၍ ဘယ်လောက် နောက်ကျကျန်ရစ်ခဲ့ကြပြီနည်း။ မည်သူတွေ မည်သို့ဆိုစေကာမူ ကျွန်တော့် မှာမူ “ထိုနည်းလည်းကောင်း” ထုံး နှလုံးမူကာ ထီးထမ်းလမ်းလျှောက်ရင်း နှစ်သစ်ကို မသိကျိုးကျွံပြုမြဲအတိုင်း ယခင်နှစ်များနည်းတူ ဖြတ်ကျော်မိ ချေပြီ။
ဘာလိုလိုနှင့် ဟောဒီရေနီမြောင်းပေါင်လေးပေါ် မနက်စောစော လမ်းလျှောက်ဖြစ်နေတာ (၂၂-၁-၂၀၀၁) ဆိုလျှင် ၅ လ တင်းတင်း ပြည့်ပေတော့မည်။ သည်နေရာလေးသို့ ပြောင်းရွှေ့ ခဲ့တာ သြဂုတ်လ ၂၂ ရက်နေ့က မဟုတ်ပါလား။ သည် ၅ လအတွင်းမှာရော ဘာများ ထူးခြားမှုရှိပါသနည်း။ စာရေးအားက အရင်ကထက် ကျဆင်းသွားသေးသည်။ လူမှုရေးမှာရော…။ အနေဝေးသည်ကို အကြောင်းပြကာ ဘယ်လူမှရေးမှ မရောက်ဖြစ်တာ ကြာပြီ။
မိမိ၏ ရီပို့ကတ်မှာ လူမှုရေးဘာသာရပ်၌ မင်နီတားခံနေရသည်။ စီးပွားရေးမှာ ကော …။ မတွေးဝံ့အောင် မောလှချေသည်။ လူကြီးသူမများပြောသော “နေ့ဖို့ညစာ” ဆိုသောစကားကို အမှတ်ရနေမိသည်။ မနက်လင်း သည်နှင့် “နေ့ဖို့ညစာ” ကိစ္စ ခေါင်းထဲသွင်းကာ ပြေးလွှားလှုပ်ရှားရ၏။ စီးပွားရေးဘာသာရပ်မှာလည်း မင်နီ … ။ တော်သေးသည် ကျန်းမာရေးက အောင်မှတ်ရရုံသာသာ။ ချောင်းဆိုး နှာစေးလောက်သာမို့။ နို့မို့ရင်ဖြင့် မလွယ်။ ဒါဖြင့် ၂၀၀၁ သို့ရောက်ပြီဆိုငြား အသက် တစ်နှစ်ကြီးသွားတာပဲ အဖတ်တင်ကျန်ရစ်တော့သည်။ ရယ်တော့ ရယ်ရသား…။ ကိုယ့်ကိုယ်ကိုယ်ခေတ်ကြီးကို ထမ်းပိုးထားသူဟု စိတ်ကြီးဝင်ကာ လက်မတထောင်ထောင်နှင့် ဝံ့ကြွားနေသူသည် မနက်လင်းလျှင် အားကုန်သွားသော ဘက်ထရီအိုးအဟောင်းလေးကို ဆွဲ၍ သရက်ကုန်း ငါးမွေးမြူ ရေးစခန်းနောက်က ဦးလေးကြီးဆီ ဘက်ထရီအိုးလေး အားသွင်းသွား ရသည်။ “ခင်ဗျားအိုးက အခန်းတစ်ခန်း ပျက်နေတယ်၊ ဗို့အားမပြည့်နိုင်တော့ဘူး” တဲ့။
ကျွန်တော်က နားမလည်သလို ကြည့်နေမိသည်။ ဘက်ထရီ အခန်းပျက်လျှင် ပြင်ရဦးမှာပေါ့။ ထိုနံရောအခါ အခိုက်အတန့် အတွင်းမှာပင် ကျွန်တော့်ဦးနှောက်ထဲက အခန်းဘယ်နှခန်း ပျက်သွားလေပြီလဲ မသိ။ သို့သော် စိတ်ကြီးဝင်မှုကတော့ မလျော့။ သိပ္ပံ မောင်ဝ၏ ဆရာစော ကျောင်းလို “ဒီလိုကျောင်းမျိုးလေးက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ မထွက် ဟု မည်သူပြောနိုင်အံ့နည်း” ဟု ဆိုသလို အခန်းပျက်နေသော ဘက်ထရီ၏ မှုန်မွှားမွှားမီးရောင်အောက်မှ ဘယ်လောက်ရသမြောက်စာတွေ ထွက်မလဲဆိုတာဟု အားတင်းကြည့်မိ သေး၏။ သေချာပါသည်၊ ဘာစာမှ မထွက်နိုင်။ ဒါက လက်တွေ့ ဖြစ်ပါသည်။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW