ရန်ကုန်-ဒလ တံတားစီမံကိန်းပြီးစီးလုနီးလို့ ဒလ အိမ်ခြံမြေဈေး သိန်းသောင်းချီစျေးခေါ်မှုတွေရှိလာ

ဩဂုတ် ၉ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ လတ်တလောမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်လို့ ဒလမြို့နယ်ရဲ့ အိမ်ခြံမြေစျေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်လာပြီး သိန်းသောင်းချီအထိပေါက်စျေးရှိလာသ လို ကျပ်သိန်း ၃ သောင်းကနေ ကျပ်သိန်း ၄ သောင်းခွဲလောက်အထိ စျေးခေါ်ရောင်းချမှုတွရှိလာတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
၂၀၁၉ ခုနှစ်၊မေလမှာ စတင်ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ တစင်း အပါအဝင်ဖြစ်တဲ့ ရန်ကုန်-ဒလတံတား(ခေါ်)ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ လက်ရှိကာလမှာ ပြီးစီးလုနီးပါးဖြစ်လာပြီး တံတားအလယ်ရှိ ပင်မလမ်းကြောင်းကိုပါ အခုသြဂုတ်လ အတွင်းမှာချိတ်ဆက်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တံတားပြီးပြီဆို‌တော့ ဒလဘက်က မြေဈေးတွေက တအားတက်လာတယ်။မြေဈေး အိမ်ဈေးအကုန် တက်ပဲ၊‌ဂျောင်ကျတဲ့ အတွင်းပိုင်းရပ်ကွက်တွေမှာတောင် ဈေးတွေကသိန်းထောင်ချီဖြစ်နေတယ်။တစနဲ့ တစတက်လာတာပေါ့၊တံတားနဲ့ နီးတဲ့ ရပ်ကွက်တွေဆို ဟိုးအရင်ကမကြားဘူးတဲ့ဈေးတွေတောင်ဖြစ် နေတယ်”လို့ ဒလမြို့ခံတယောက်က VOM ကို ပြောပါတယ်။
ရန်ကုန်မြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ ရန်ကုန်-ဒလ တံတားဟာ လမ်းပန်းဆက်သွယ်ရေး အတွက် အလွန်အရေးပါတဲ့ တံတားတစင်းဖြစ်ပြီး ဒလမြို့ အပါအဝင် တွံတေးနဲ့ ဆိပ်ကြီးခနောင်တို ဘက်တွေအထိ အိမ်ခြံမြေဈေးတွေမြင့်မားလာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒလမြို့နယ်ရဲ့ အဓိကအချက်အချာဖြစ်တဲ့ ဒလတံတားအဆင်းမှာ တည်ရှိနေတဲ့ တပင်ရွှေထီးရပ်ကွက်နဲ့ ကျန်စစ်သား ရပ်ကွက်တွေမှာ အရောင်းအဝယ် ပိုဖြစ်လာနေသလို ဗညားဒလရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ဗိုလ်ရန်ပြေ ရပ်ကွက်တွေနဲ့ နာရီစင်အနီးတို့မှာလည်း အိမ်ခြံမြေဈေးတွေဟာ အရင်ကထက် နှစ်ဆ၊သုံးဆခန့်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
VOM က စုံစမ်းရရှိထားသမျှ ဒလ – ဓနုတ်လမ်းမကြီးပေါ်မှာ မြေကွက်တွေရဲ့ဈေးနှုန်းတွေက သိန်းတစ်သောင်းကျော်ကနေ သိန်းနှစ်သောင်းကျော်အထိပေါက်ဈေးတွေရှိနေသလို ဒလမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျန်စစ်သားရပ်ကွက်မှာ အိမ်ခြံ‌မြေဈေး တွေဟာ သိန်း ၆၅၀၀ လောက်ပေါက် ဈေးရှိလာပြီး ဒလ-အံ့ကြီးရပ်ကွက်မှာဆိုရင် သိန်း ၅၅၀၀ လောက်အထိ ပေါက်ဈေးရှိလာတာဖြစ်တယ် လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ်က ဒလမြို့ အိမ်ခြံမြေဈေးကွက်တခုမှာတော့ ပေ ၂၀ ပေ ၅၀ အကျယ်ရှိ မြေကွက် တကွက်ကို သိန်း ၂၂၀၀ အထိ ဈေးခေါ်ရောင်းချလာတာကိုလည်းတွေ့ရပါတယ်။ဒလမြို့နယ်အတွင်းက ကျေးရွာဘက်တွေမှာတောင် မြေကွက်ဈေးတွေက သိန်းထောင်ချီဖြစ်နေတာကိုလည်းတွေ့ရပါတယ်။
“ရန်ကုန်မြို့ထဲနဲ့ ဆက်သွယ်ထားတဲ့ ဒလတံတားပြီးခါနီးလို့ ဒလမြေစျေး တွေမတရားအော် နေကြ တယ်။တံတားအဆင်းလမ်းမတန်းကို သိန်း ၃ သောင်း၊သိန်း ၄ သောင်းလောက်ခေါ်‌နေကြတယ်။ ရပ်ကွက်လမ်းသွယ်ထဲက ကွန်ကရစ်လမ်းမခင်ထားတဲ့ မြေသား လမ်းပေါ်ကအကွက် သေးလေးတွေကို တောင်သိန်း ၁၅ဝဝ လောက်အထိခေါ်နေကြတယ်” လို့ အိမ်ခြံမြေဈေးကွက် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒလ အိမ်ခြံမြေဈေးသိန်းသောင်းချီပေါက်စျေးရှိလာသော်လည်း အရောင်းသာများပြီးအဝယ်တွေပျောက် နေတယ်လို့လည်း အကျိုးဆောင်လုပ်ငန်းတွေကို လုပ်ကိုင်သူတွေက ပြောပါတယ်။
“အော်သာအော်နေကြတာပါ။ဝယ်လက်က ဒီလောက်သိပ်မရှိပါဘူး ။ပြောရရင်တံတားကို အကြောင်း ပြုပြီး လှော်နေကြတာ ဈေးကိုဆွဲတင်နေကြတာပေါ့၊ တခုပဲစဉ်းစားကြည့်လေ၊ဒလဘက်မှာ သိန်းသုံး သောင်း၊လေးသောင်း၀ယ်ဖို့ဆိုတာ အတော်ကိုစဉ်းစားရမှာပါ။ အခုမြောက်ဒဂုံထဲမှာတောင် သိန်းသောင်း ဂဏန်းဆို အရောင်းအ၀ယ်သိပ်မဖြစ်ဘူး။တသောင်းအောက်အကွက်တွေတော့ အရောင်း၀ယ်ဖြစ်နေ တယ်။တကယ်တော့ ဒလကလည်း ဧရာဝတီတိုင်းလောက်ပဲထွက်ပေါက်ရှိတာလေ၊ ကျန်တဲ့ထွက်ပေါက် က ဒီလောက်မဟုတ်ဘူးလေ။သိန်းသောင်းချီဆို ရန်ကုန်ထဲမှာပဲ၀ယ်မလား၊ဒလဘက်သွား၀ယ်မလား ၀ယ်တဲ့သူတွေကလည်း ဒါကိုစဉ်းစားပြီလေ”လို့ မ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတယောက်က ဆက်ပြီးပြောပြခဲ့ပါတယ်။
သို့သော်လည်း ဒလတံတားပြီးစီးမှုနဲ့အတူ လက်ရှိ ဒလမြို့နယ်မှာ ကြုံတွေ့နေရတဲ့ သောက်သုံးရေ ရှားပါးမှု ပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ ရန်ကုန်မြို့ကနေ ဂျိုးဖြူရေ သွယ်တန်းမယ့် အစီအစဉ်တွေလည်း ပါဝင်လာမှာဖြစ်တာကြောင့် အဲ့ဒီ့မြို့နယ်ရဲ့ သောက်သုံးရေ ရှားပါးမှုပြဿနာဟာလည်း ပြေလည်သွားမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့ တာဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ဖို့ အမြင့်ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေ ရှိတယ်လို့ သိရပါတယ်။
တံတားရဲ့ ပင်မအရှည်ဟာ ၂၂၆၄၀ ပေရှိကာ ခံနိုင်ဝန်မှာ ယာဉ်တစီးချင်း ၇၅ တန်ဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတားတွေအနက် အရှည်ဆုံးနဲ့ အကြီးဆုံးဖြစ်ကာ တံတားအောက်ဖက်ကနေ ပင်လယ်ကူး ကုန်တင်သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်-ဒလ တံတားပြီးစီးသွားရင်တော့ ရန်ကုန်မြို့မှတဆင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေဆီ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ဒါအပြင် မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများတွင် အကြီးဆုံးနှင့် အရှည်ဆုံး တံတားဖြစ်ပါတယ်။
ပုံစာ – ရန်ကုန်-ဒလ တံတားစီမံကိန်း

Related posts

Leave a Comment

VOM News

FREE
VIEW