ဩဂုတ် ၁၀ – ၂၀၂၅
SS (VOM)
အလုပ်နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစားမှ တခြား နိုင်ငံကူးလက်မှတ် အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားခွင့်ကို အစိုးရက ပိတ်ပင်လိုက်တဲ့အတွက် ပြည်ပကို သွားရောက်မယ့်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အလုပ်အကိုင် နိုင်ငံကူးလက်မှတ် အမျိုးအစား (PJ) ကနေ တခြား အမျိုးအစားတွေဖြစ်တဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ၊ ပြည်ပမှာ အလုပ်လုပ်နေသူနဲ့ လိုက်ပါနေထိုင်တဲ့ မှီခို နိုင်ငံသားအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Dependent Passport – PT)၊ ပညာရေး နိုင်ငံကူးလက်မှတ် (PE)၊ သင်္ဘောသား (PS) အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားမှုကို မြန်မာတနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှ စတင်ပြီး ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ပိတ်ပင်မှုဟာ ပြည်ပ နိုင်ငံတွေကို ပညာသင် (ဒါမှမဟုတ်) အလုပ် သွားရောက်လုပ်ကိုင်မယ့် သူတွေအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။
“COE အောင်တော့မှပဲ PE က ပိတ်ပြီတဲ့။ အေဂျင်စီကို မေးကြည့်တော့ တရားဝင် စာထွက်လိမ့်မယ်ပြောတယ်။ တနင်္လာနေ့ကို တချက် စောင့်ကြည့်ဦးတဲ့။ တချို့ကလည်း မနက်ဖြန် (တနင်္လာနေ့) သွားချိန်းမယ့်သူတွေ စောင့်ကြည့်ဦးလည်း ပြောကြတယ်။ စိတ်ဓာတ်တွေ တကယ်ကျနေပြီ။ အချိန်တွေရော၊ ငွေတွေရော ရင်းထားရတာ” လို့ ဂျပန်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေသူ တယောက်က ပြောပါတယ်။
PJ မှ PE ပြောင်းလိုပါက ကျောင်းခေါ်စာ၊ ငွေသွင်းချလံ၊ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE) စတဲ့ စာရွက်စာတမ်းတွေ လိုအပ်တယ်လို့ သိရပါတယ်။
“အင်တာဗျူး အောင်ပြီးတာတောင် စိတ်မချမ်းသာရဘူး။ show money အတွက် ပူရ၊ COE အတွက်ပူရနဲ့။ အခုလည်း နောက်တမျိုး လာပြန်ပြီ။ PJ ကနေ PE ပြောင်းဖို့ သောက ရောက်ရပြန်ပြီ။ ဒီအတွက် ရင်းထားတဲ့ ကုန်ကျစရိတ်တွေက သူများဆီက ချေးငှားထားရတာ။ လွဲချော်လို့လည်း မရဘူး။ ဒီသတင်း ထွက်လာတော့ စာတောင် ဆက်မကျက်နိုင်တော့ဘူး။ မနက်မိုးလင်းတာနဲ့ ဘာများထူးမလဲဘဲ သတင်း လိုက်စုံစမ်းနေရတယ်” လို့ နောက်ထပ် ဂျပန်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေသူ တယောက်က ပြောပါတယ်။
အခုလို နိုင်ငံကူးလက်မှတ် အမျိုးအစားပြောင်းလဲခွင့် ပိတ်ပင်လိုက်တာနဲ့ ပတ်သက်လို့ အစိုးရရဲ့ တရားဝင် ဝက်ဘက်ဆိုက်ဖြစ်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝက်ဘက်ဆိုက်မှာတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒါပေမယ့်လည်း ဩဂုတ် ၇ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ လျှို့ဝှက်စာတစောင်မှာတော့ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် အမျိုးအစား PJ ကိုင်ဆောင်သူတချို့ဟာ မမှန်မကန်တဲ့ နည်းလမ်းတွေနဲ့ PV, PT နဲ့ PE အမျိုးအစားတွေကို ပြောင်းလဲ လျှောက်ထားလာကြတာကို တွေ့ရှိရတာကြောင့် သက်တမ်းရှိ PJ မှ တခြား နိုင်ငံကူးလက်မှတ် အမျိုးအစားတွေကို ပြင်ဆင်ပြောင်းလဲ လျှောက်ထားပေးခြင်း မပြုဖို့ ဖော်ပြထားပါတယ်။
ဒါအပြင် အရေးကြီး၊ အရေးပေါ်၊ ကျန်းမာရေး ကိစ္စရပ်တွေနဲ့ အမှန်တကယ် သွားရောက်ဖို့ လိုအပ်မယ်ဆိုပါက PV ကို တနှစ်သက်တမ်းနဲ့ ခွင့်ပြုနိုင်ဖို့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ထံ တင်ပြသွားဖို့ကိုလည်း အသိပေးထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူ တယောက်က “သက်တမ်းကုန်မှပဲ နိုင်ငံကူးလက်မှတ် ပြောင်းလို့ရမယ် ပြောနေတာ အတော်စိတ်ကုန်နေပြီ။ လမ်းတွေလည်း ပျောက်နေပြီ။ ကိုယ့်လက်ထဲက နိုင်ငံကူးလက်မှတ် သက်တမ်းကလည်း ခြောက်လပဲ ရှိသေးတယ်။ ပြန်ဖွင့်ဖို့ အချိန်စောင့်ပြီး ကိုယ်လျှောက်မယ့် intake မမီရင်တော့ intake ရွှေ့မှ ရတော့မယ်ထင်တယ်။ ပိတ်တာက ခဏဆို တော်သေးတယ်။ အခုက ဘယ်ချိန်ထိလည်း မသိရနဲ့ဆိုတော့ စိတ်တွေလည်း ပူနေပြီ” လို့ ပြောပါတယ်။
အခုလို ပိတ်ပင်လိုက်တာဟာ PE ပြောင်းပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်လိုသူတွေ၊ ကျောင်း အတွက် ငွေသွင်းထားသူတွေအတွက် နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ ဝန်ဆောင်မှုပေးနေသူတွေက ထောက်ပြကြပါတယ်။
“လောလောဆယ်တော့ PJ ကနေ တခြား PV, PE နဲ့ PT ကို ပြောင်းလို့ မရတော့ဘူးပေါ့။ တကယ် ကျောင်းသွားတက်မယ့် သူတွေအတွက်ကတော့ နစ်နာတာပေါ့။ ပိတ်တာက ဘယ်လောက်ကြာမယ်လည်း မသိရသေးဘူး။ ပိတ်ရတဲ့ အဓိက အကြောင်းရင်းက အသက် ၁၈ – ၃၅ နှစ်အရွယ် လူငယ်အမျိုးသားတွေက PJ ကို တခြား နိုင်ငံကူးလက်မှတ်တွေ ပြောင်းပြောင်းသွားကြတာ တွေ့လာရလို့တဲ့။ လေဆိပ်တွေမှာ အသက် ၁၈ – ၃၅ နှစ်အရွယ်တွေကို PJ နဲ့ ထွက်ခွင့်မပေးတော့ဘဲ ပြန်လွှတ်တာတွေလည်း ရှိလာတယ်” လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု ပေးနေသူတယောက်က ပြောပါတယ်။
ဒါအပြင် နောက်ပိုင်းမှာလည်း PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပသွားမယ့် သူတွေကိုပါ စိစစ်မှု ပိုမို တင်းကျပ်ဖို့ ရှိနေပြီး လက်ရှိမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အလုပ်နဲ့ကျတော့လည်း OWIC (ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်) ထုတ်မပေး၊ ကျောင်းနဲ့ သွားမယ့်သူတွေကိုကျတော့လည်း PE ချိန်းမပေးတော့ဘူးတဲ့။ နိုင်ငံခြားထွက် အလုပ် လုပ်မယ့် လူငယ်တွေအတွက် သတင်းဆိုးပါပဲ” လို့ ပြည်ပမှာ အလုပ် သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူက ပြောပါတယ်။
ပြည်ပသွားရောက်မယ့် သူတွေအနေနဲ့ လက်ရှိမှာ PJ ကနေ PE ကို အများဆုံး ပြောင်းလဲနေကြတာဖြစ်ပြီး PE ကနေတဆင့် နောက်ထပ် နိုင်ငံကူးလက်မှတ် အမျိုးအစားတွေကို ထပ်မံ ပြောင်းလဲနေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo – CJ
