ဩဂုတ် ၊၃၀၊ ၂၀၂၅
GG (VOM)
ပြည်ပကို တင်ပို့မယ့် စပါးမျိုးကိုသာစိုက်ပျိုးမယ့် Rice Export Zone တွေကို လာမယ့် ၂၀၂၅ – ၂၀၂၆ နွေစပါးရာသီမှာ မြို့နယ်ပေါင်း ၁၀၀ မှာ စတင်အကောင်ထည်ဖော်လုပ်ဆောင်သွားမယ်လို့မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ဆီက သိရပါတယ် ။
အဆိုပါ Rice Export Zone တွေကို Exporter ကုမ္ပဏီပေါင်း ၅၀ ကျော်ကနေ စပါးစိုက်ဧက ၃ သိန်းဝန်းကျင် နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်း ၊ပဲခူး ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းကမြို့နယ်တွေမှာ စတင်ဆောင်ရွက်ဖို့ စီစဥ်ထားတယ်လို့ ကနဦးသိရပါတယ်။
Rice Export Zone ဖော်ဆောင်တဲ့အခါ ဇုန်တခုမှာ စိုက်ဧက အနည်းဆုံး လယ်ဧက တကွင်းတစပ်တည်း ဧက ၃၀၀ စိုက်ပျိုးရန်၊ Export ဆန်မျိုးကွဲ ၃ မျိုးထက်မပိုစေရန်၊ သဘာဝနှင့် ဇီဝမြေဩဇာများ သုံးစွဲခြင်း စနစ်ကို အကောင်အထည်ဖော်ရန်၊ စပါးပန်းတိုင် အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရန်၊ Exporterကုမ္ပဏီတွေနဲ့ တောင်သူတွေ ကန်ထရိုက်လယ်ယာစနစ်နဲ့ အနည်းဆုံး နွေ ၊မိုး ၊ဆောင်းသုံး ရာသီ ပူးပေါင်း စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်ပပို့ကုန် ဆန်/ ဆန်ကွဲ ၄ တန်ကို Export Zone တဧက ရည်မှန်းပြီး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
” export zone တွေဖော်ရင် အဲဒီနေရာတွေက ကုမ္ပဏီအထောက်အပံ့တွေရမယ်။ တကွင်းတစပ်တည်းဆိုတာကတော့ လယ်ဧကမခြားဘူးပေါ့။တနေရာထဲမှာ ဧက ၃၀၀ ရာရှိတဲ့စိုက်ကွင်းမျိုးပေါ့။ဇုန်ဖော်ဆောင်ပြီဆိုရင်တော့စပါးအထွက်နူန်းလည်းကောင်းရမယ်။စပါးအရည်အသွေးလည်းကောင်းရမှာပေါ့။ ” လို့ ဆန်လုပ်ငန်းရှင်တယောက်ကပြောပါတယ်။
လက်ရှိကာလလို နိုင်ငံတကာစျေးကွက်မှာ ဆန်စျေးနှုန်း အလွန်ကျဆင်းနေချိန်မျိုးမှာဆိုရင် Exporter ပြည်ပဆန်တင်ပို့သူတွေက Zone အတွင်း ပါဝင်တဲ့ စပါးစိုက် တောင်သူတွေဆီမှ စပါးကို သင့်တင့်မျှတသော စပါးစျေးနှုန်းနဲ့ ဝယ်ယူပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါအပြင် Zoneအတွင်း ပါဝင်ဆောင်ရွက်တဲ့ တောင်သူလယ်သမားတွေအနေနဲ့ ပံ့ပိုးပစ္စည်းတွေကို ဈေးနှုန်းသင့်တင့်စွာနဲ့ ဝယ်ယူရရှိနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးအတွက် ချေးငွေ အထောက်ပံ့ ရရှိရေး လယ်ယာမြေ အဆင့်မြှင့်တင်ရေး တို့ကိုပါ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်ပတင်ပို့တဲ့ ဆန်နဲ့ဆန်ကွဲအမျိုးအစားတွေက ဧည့်မထ/ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက် စတဲ့ ဆန်ကြမ်းအုပ်စုတွေ ဖြစ်တယ်လို့သိရပါတယ်။
” သူတို့ပြောတဲ့ဇုန်ဆိုတာ ကျွန်တော်တို့အရင်က စိုက်ပျိုးရေးကလာလုပ်တဲ့စံပြစိုက်ကွင်းသဘောပါဘဲ။သူတို့စိတ်ကြိုက် လယ်သမားကအကုန်လုပ်ပေးရတာ။အထွက်နူန်းကတော့ပုံမှန်လယ်ထက် ပိုပါတယ်။ဇုန်ထဲမပါတဲ့တောင်သူတွေအတွက်ရောသူတိူ့ဘာလုပ်ပေးမလဲပေါ့။ခုလိုသာစျေးကွက်ပျက်နေရင် နောက်နှစ်ဆို စပါးစိုက်သူတော်တော်နည်းသွားမှာအသေချာပဲ။ခုတောင် ရှုံးနေကြပြီလေ။ “လို့ပဲခူးတိုင်းမှ တောင်သူတယောက်ကပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်အနေနဲ့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးကျဆင်းမှုကို ကုစားနိုင်ရေးအတွက် ပြည်ပကို ဆန်တိုးမြှင့်တင်ပို့ရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံတို့ကို ဆန်တန်ချိန်တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးကို ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
ပြည်တွင်းမှာစပါးစျေးကျဆင်းမှုဟာ ပြည်ပဆန်စျေးကွက်ကျဆင်းမှုနဲ့လည်းသက်ဆိုင်သလို ပြည်တွင်းမှာ စပါးကို နယ်ကျော်ပြီးတင်ပို့ခွင့်မရှိတာကြောင့်လည်း စျေးကွက်ပျက်ပြီး ကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် စပါးကို အရင်အတိုင်း နယ်ကျော်သယ်ယူခွင့်ပြုပေးဖို့ တောင်သူတွေကတောင်းဆိုနေကြပါတယ်။
လက်ရှိပြည်တွင်းစျေးကွက်မှာတော့ ၂၀၂၄ ခုနှစ်မိုးစပါးအဟောင်းစျေးကွက်ကျပြီး အဝယ်အေးနေသလို ယခုမိုးစပါးအသစ်စျေးကလည်း ၁၀ သိန်းဝန်းကျင်သာရှိနေတယ်လို့သိရပါတယ်။
