လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁)

ဆူးငှက်
ဇေယျတု သာသနာတော် (၂၅၄၃) ခု၊ ကောဇာသက္ကရာဇ် (၁၃၆၁)ခု၊ ဂိမှ(နွေ)ဥတု လဆန်းပက္ခ ဇေဋ္ဌမာသ စန္ဒြမာသ နယုန်လဆန်း ၈ရက်၊ စနေနေ့၊ ညနေ စက်နာရီ ၃နာရီ ၅၈ မိနစ်အချိန်၌ မန္တလေးမြို့ ရတနာဘုမ္မိရပ်၊ မြတောင်ကျောင်းတိုက်၊ မဏိဥက္ကဋ္ဌ အဘယရံသီ ခဏ္ဍသိမ်တော်ကြီးတွင်၊ မန္တလေးမြို့၊ လက်ဆည်ကန်ရပ်၊ ရဟန်းဒါယိကာ လူထုဦးလှ၊ ရဟန်းဒါယိကာမ လူထုဒေါ်အမာတို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူသော မန္တလေးမြို့၊ ရွှေဝါဝင်းကျောင်း၊ မဏိရတနာ ရာမ မြတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈယ်ပြု၍၊ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက်၊ ဇမ္ဗူအေးစာချကျောင်းဆရာတော်ကို အနုသာသက ဆရာတော်ပြုပြီး
(၁) တောင်ထီးလင်းတိုက် ဘဒ္ဒန္တဇောတိကာဘိဝံသ ဆရာတော်၊
(၂) မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်၊
(၃) မြင်းဝန်မင်းကြီးတိုက် ဘဒ္ဒန္တသုတာလင်္ကာရာ ဆရာတော်
ဤအရှင်သုံးပါးကို ပဋ္ဌမကမ္မဝါဆရာပြုပြီးခါလျှင် သြဝါဒါစရိယဆရာ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်း ဘဒ္ဒန္တသာသနာဘိဝံသ ဆရာတော်အရှင်သူမြတ်တို့နှင့်တကွ (၁၃)ပါးသော ကာရက သံဃာတော်အရှင်သူမြတ်တို့သည် ကာယသာမဂ္ဂီ နှစ်လီပေးခါ ညီညာဖေးမ ချီးမြှောက်ကြသဖြင့် သာမဏေရှင်ကောသလ္လသည် ဣဓပါတိမောက္ခသံဝရသံဝုတော ဥဘတောဝိဘင်းအလာ မာတိကာ ဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊ မဟာဝါ စူဋ္ဌဝါ၊ ပရိဝါ ပါဠိတော် အရပ်ရပ် ဆုံးဖြတ်ပိုင်းခြား၊ အကျယ်အားဖြင့် ကုဋေ ကိုးထောင့်တစ်ရာ့ရှစ်ဆယ့်ငါးသန်းသုံးသောင်းခြောက်ထောင် များမြောင်လှစွာသော အာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ ထုတ်ပြန်တော်မူအပ်သော သိက္ခာပုဒ်တော်အပေါင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာ တက်လှမ်းအောင်မြင်ပါစေသတည်း။
ရဟန်းသစ် မင်္ဂလာ ရက်ချုပ်စာတမ်းကို အဆုံးထိ ဖတ်လိုက်သော်လည်း နောက်ပိုင်းစာလုံးတွေ သဲကွဲစွာ မမြင်မိတော့…။ ရင်ထဲ လှိုက်ခနဲ ဝင်ရောက်လာသော ခံစားမှုက ဝမ်းသာဝမ်းနည်းမို့ အင်အားပြင်းလှ၏။ “သိက္ခာပုဒ်အပေါင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ဒုလ္လဘအစစ် ဖြစ်ခဲနိုင်စွ သာသနာ့ဝန်ထမ်း” ဖြစ်လေသောကြောင့် ခံစားရှိုက်လွယ် လူဝတ်ကြောင်ကဲ့သို့ ဣန္ဒြေဆည်မရ … မျက်ရည် ပိုးပိုးပေါက်ပေါက်ကျသလို့လည်း မဖြစ် …။ သို့သော် မတတ်နိုင် …။ ဘယ်လိုမှ ထိန်းမရသည့် မျက်ရည်တို့ တာကျိုးလေပြီ …။ ဦးပဉ္ဇင်း အသစ်မို့ ဖို့ရိုးဖားလျား ရုံတင်ထားသော ညာဖက်ပခုံးပေါ်မှ ဧကသီနှင့် ခေါင်းငုံ့၍ မျက်ရည်သုတ်မိ၏။
အသက် ၄၀ ကျော်တွင် ကြုံတောင့်ကြုံခဲ ဝတ်ရသော ဒုလ္လဘရဟန်းဘဝတွင် … ကျေးဇူးရှင် မိခင်အိုကြီးက အသက် ၉၀ အရွယ် မို့ မန္တလေးမြို့စွန် လယ်ကွင်းအိမ်ကလေးထဲမှာ သူ့မြေးနှစ်ယောက်နှင့် နေခဲ့ပေါ့ …။ မနက်လင်းကတည်းက အလှူဝေယျာဝစ္စနှင့် ခင်ပွန်း သည် ဒုလ္လဘရဟန်းအတွက် လိုက်ပါလာသော ဇနီးသည်က မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်တော်ကြီး ခြေရင်းသမံတလင်းတွင် ဒူးတုပ် လက်အုပ်ချီရင်း ငေးငိုင်နေသည်။
ပဉ္စင်းအသစ်တို့သည် မြတောင်ရာပြည့်ဗိမာန်တော်ကြီးနှင့် သိမ်အကြာ သစ်ပင်ရိပ်တွင် အသားမကျသေးသော သင်္ကန်းတို့ကို သေသပ်ပိရိဖို့ ကြိုးစားနေကြ၏။
“ပရိမဏ္ဍလံ = အဝန်းညီစွာ။ နိ-ဝါသေဿာမိ = သင်းပိုင်ကို ဝတ်အံ့။
ပါရုပိဿမိ = ကိုယ်ဝန်သင်္ကန်းကို ရုံအံ့။ ဣတိ = ဤသို့၊
သိက္ခာ = သင်ခြင်း၊ ကျင့်ခြင်း၊ အားထုတ်ခြင်းကို။ ကရဏိယာ =
ပြုကျင့်အပ်၏” ဟူသော စာသားကို သတိတရအနေနှင့် ဦးစွာပထမ ကိုယ်ဝတ်ကိုယ်ရုံသင်္ကန်းတွေကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ရဟန်းဒါယိကာမကြီးက … သားနှင့်မခြား ဦးပဉ္စင်းရဟန်းသစ်များကို ကြည့်ကာ ပီတိဖြာဝေနေသည်။ ထို့အတူ ဟောဒီသမိုင်းဝင် မြတောင်ကျောင်းတိုက်ကြီးမှာ အမှတ်တရ မယ်ဇယ်ပင်နှင့် အမှတ်တရ ကမ္ပည်းမော်ကွန်း ကျောက်စာရေးထိုး စိုက်ထူ ဂုဏ်ပြုအပ်သော ရဟန်းဒါယကာကြီးကလည်း တမလွန်မှသည် ပြုံးပန်းဖြာဝေနေမှာလည်း သေချာသည်။
ရဟန်းဒါယကာကြီးနှင့် ရဟန်းဒါယိကာမကြီး၏ ရင်နှစ်သည်းချာ သားအရင်းကလည်း အခုတော့ ဦးပဉ္စင်း ဦးဆေကိန္ဒ …တဲ့။
ဦးဆေကိန္ဒနှင့် ညီအစ်ကိုရင်းတမျှ ဖြစ်ရသော နာမည်ရစီးပွားရေး မဂ္ဂဇင်းဆောင်းပါးရှင်ဆရာက … ဦးဝိလာသ။
ဦးဆေကိန္ဒ၏ အစ်ကိုနှင့် ရဲဘော်ရဲဘက် ဦးတည်ချက်တူခဲ့သူ …၊ လူထုစာအုပ်တိုက်၏ စာပြင်စာတည်းဆရာက ဦးကောသလ။
ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတို့ အညာသူအညာသားများ ပင်လယ်သွားကြသည့် စာပေခရီးစဉ်အစ … တူသား နောင်မယ်၊ ဆွေရင်းမျိုးရင်းမခြား … ကျွန်းစုဘိတ်သား ဆရာက … ဦးဉာဏိက …။
ဦးဆေကိန္ဒက ညီငယ်တစ်ယောက်လို ခင်မင် …၊ အနုပညာရောင်းရင်းတစ်ယောက်လို လေးစားသော ရန်ကုန်ရောက် မန္တလေး သား ပန်းချီဒီဇိုင်းဆရာက … ဦးစိန္တိတ …။
ကျွန်တော်ကတော့ … ဦးကောသလ္လ …။
ဦးပဉ္စင်း ၆ပါးသာမက ရဟန်းဒါယိကာ၊ ရဟန်းဒါယိကာမတို့၏ နှလုံးသည်းပွတ် မြေးနှစ်ယောက်ကလည်း သာမဏေ ၂ပါး အဖြစ် အဘိုး၊ အဘွားကို ကျေးဇူးဆပ်ကြပြန်၏။
“ဒုလ္လဘ အစစ်ဖြစ်နိုင်ခဲစွာ့” … တဲ့ …။
သာသနာ့ဝန်ထမ်း ရဟန်းကောင်း၊ ရဟန်းမြတ်အဖြစ် ကျင့်ကြံရခြင်းက ဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့ … တဲ့။
တကယ်တော့ …
မိရိုးဖလာ လက်လုပ်လက်စား သာမန်မိဘနှစ်ပါးမှ မွေးဖွားပြီး ကျောင်းပညာမှာလည်း သာမန်မျှဖြစ်သော ကျွန်တော့်အဖို့မှာ ကား … ကမ္ဘာကျော်နိုင်ငံကျော် စာရေးဆရာသတင်းစာဆရာကြီး၊ ဆရာမကြီးများဖြစ်ကြသော လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ အလှူ မှာ စာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာရှင်များနှင့်အတူ ဒုလ္လဘရဟန်းတစ်ပါးအဖြစ် ခံယူခွင့်ရခြင်းကာ ကြီးစွာသော “ဒုလ္လဘ” ပင် ဖြစ်ပါ၏။
သည်အချက်ကို တွေးမိတော့ … ရင်တွင်း လှိုက်လာသည်။ စောစောမိနစ်ပိုင်းကတွင်ပဲ ဥပဇ္ဈယ် ဆရာတော်ကြီးများ ရှေ့မှောက် တွင် “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” ဟု သုံးကြိမ်သုံးခါ တောင်းဆို၍ ဆရာတော်ကြီးများက “ပါသာဒိကေန သမ္ပာဒေထ” ဟု ဆုပေး အပ်၍ ရှင်ရဟန်းသိက္ခာဝတ်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံခဲ့ပြီးပါမှ ပုထုဇဉ်မို့ ဝမ်းသာ ဝမ်းနည်း … မျက်ရည်တွေ ကျချေပြီ …။
ပခုံးပေါ်က လွှမ်းရုံထားသော ဧကသီနှင့် ခေါင်းငုံ့ကာ မသိမသာ သုတ်သင်အပ်သော်လည်း မျက်ရည်တို့ တားဆီးမနိုင်…။ ရှိနေရာမှ မသိမသာ နေရာရွေ့၍ မျက်ရည်တို့ တန့်စေ့ငှာ ခေါင်းကိုမော့၏။ ကောင်းကင်မော့ ကြည့်မိ၏။ နယုန်လဆန်း၏ တိမ်စ တိမ်နတို့ ကောင်းကင်ပြာဝယ် ကြဲရရဲ ဖြစ်နေသည်။
ထိန်းသိမ်းချုပ်တီးရခက်ခဲသော စိတ်၏ အဟုန်ဖြင့် တိမ်စတိမ်နတို့ လွင့်မျောသွားသည် …။ တရိပ်ရိပ် …။
လွင့်မျောလိုက်ပုံက … ဟိုး … အတိတ်ဆီအထိ။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

✕
VOM News

FREE
VIEW