တဲလ်အဗစ်၊ စက်တင်ဘာ-၈-၂၀၂၅
ရတီ(VOM)
အစ္စရေးတောင်ပိုင်းရှိ လေဆိပ်တခုကို ဟူသီသူပုန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးချဲ့နေချိန်မှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာစီးတီးနဲ့ ဝန်းကျင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးလုပ်မယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ဒေသခံတသိန်းလောက် ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
သြဂုတ်လက အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာတော့ ဟူသီအဖွဲ့ ထိပ်တန်း တာဝန်ရှိသူတွေ သေဆုံးခဲ့ပါတယ်။ အစ္စရေး လေဆိပ်ကို နောက်ဆုံးတိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုအရှိန်မြှင့်တင်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
ဒီအတောအတွင်း ဂါဇာမှာ ဟားမတ်စ်တို့ ထိန်းသိမ်းထားတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ဂျေရုဆလင်နဲ့ တဲလ်အဗစ် မြို့ကြီးတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖမ်းဆီးခံထားရသူ ၄၈ ယောက်အနက် အယောက် ၂၀ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။
ဟားမတ်စ်တို့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ အစ္စရေးကိုနယ်စပ်ဖြတ်ကျော် တိုက်ခိုက်ပြီးနောက် လူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၅၁ ယောက်ကို ဓါးစာခံတွေအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးဟာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီး လက်ရှိချိန်ထိ ဂါဇာမှာ လူ ခြောက်သောင်းလေးထောင်ကျော် သေဆုံးခဲ့ပြီး လူသားချင်းစာနာမှုအကျပ်အတည်း ပိုမိုဆိုးရွားလာနေပါတယ်။
Ref:NHK
Photo:Times of India
