မန္တလေးမှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူတိုင်းအတွက် ဒုတိယအသုတ်အဖြစ် တယောက် သိန်း(၁၀၀) ကုမ္ပဏီကထောက်ပံ့

မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၅
SA(VOM)
Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၁၅ ရက်နေ့အထိ ငါးလခွဲအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၇ လောင်းတွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၀၇ ယောက်ထဲကနေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူမိသားစုအတွက် သေဆုံးသူတယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ NTL ကုမ္ပဏီက ဒီကနေ့ စက်တင်ဘာ ၁၅ရက်မှာ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီကနေ့ ထောက်ပံ့ငွေပေးအပ်ပွဲမှာ ၇၆ ယောက်ပေးအပ်ခဲ့ပြီး အရင်ပထမအသုတ်အနေနဲ့ကတော့ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှေ့မှာ ပေးအပ်ပြီးဖြစ်ပါတယ်။
ဒီထောက်ပံ့ငွေပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ဒေါ်သက်သက်ခိုင်၊NTL ကုမ္ပဏီရဲ့ SKY Villa ရှင်းလင်းရေးမန်နေဂျာ ဦးလင်းလင်းထွန်း၊ SKY Villa မှာ အလုပ်လုပ်ကိုင်ရင်း သေဆုံးခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကျန်ရစ်သူမိသားစုတချို့ကို VOM က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
SKY Villa အဆောက်အဦဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိတဲ့ Sky villa ကွန်ဒိုအဆောက်အဦကို ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ ခုနှစ်အစပိုင်းမှာ NTL Construction Companyတာဝန်ယူ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပြီး စတင်ဆောက်လုပ်ခဲ့တဲ့ ခုနှစ်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။
ကွန်ဒိုစတင်ပြီးစီးတဲ့အချိန်မှာပဲ လူနေထိုင်မှုတွေရှိခဲ့ပြီး ကွန်ဒိုတခန်းရဲ့တန်ကြေးကတော့ သိန်း ၆၅၀၀ အထက်မှာရှိတယ်လို့ အခန်းပိုင်ရှင်တွေကပြောပါတယ်။
Sky Villa မှာ A/ B/ C/ D ဆိုပြီး တွဲ ရက် လေးဆောင် ၁၁ ထပ် အမြင့်ရှိပြီးတော့ A အဆောင်နဲ့ B အဆောင်ဟာ အခန်းဖွဲ့ ကြီးပြီး Sq ft ကျယ်တဲ့အတွက် ငွေကြေးတတ်နိုင်သူတွေ နေထိုင်ကြတာပါ။
အဆောင် C ကတော့ Sq ft ကျဥ်းတာကြောင့် အငှားခန်းအဖြစ် တခန်းကို တနှစ်စာဌားရမ်းခ သိန်း ၃၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။
အဆောင် D ကတော့ Hotel အဖြစ်ထားပြီး Tourist တွေနေထိုင်ကြကာ အောက်ဆုံးထပ်နဲ့ အပေါ်ထပ်က ကားပါကင်ဖြစ်ပြီး ၊ ၃ လွှာကစပြီး လူတွေနေထိုင်ကြတယ်လို့ သိရပါတယ်။
ကွန်ဒို တခန်းနဲ့ တခန်းက ရောင်းချ/ ငှားရမ်းတဲ့ စျေးနှုန်းမတူညီကြသလို မြင်ကွင်းကောင်းတဲ့ဘက်အခြမ်းနဲ့ အထပ်မြင့်လေ စျေးပိုပေးရလေလို့ ဆိုပါတယ်။
ပြိုကျတဲ့ SKY Villa အဆောက်အဦကိုရှင်းလင်းတာပြီးစီးပြီလို့သိရပြီး NTL ကုမ္ပဏီဘက်ကတော့ ကွန်ဒိုဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ပေးမယ်လို့ဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW