ပူတာအိုမှာ တောင်ပြို၊ ရေကြီးမှုကြောင့် စပါးစိုက်ခင်း ဧကရာနဲ့ချီပြီး သဲမြေဖုံးလွှမ်း ပျက်စီး

စက်တင်ဘာ ၁၉ ၊၂၀၂၅
GG (VOM)
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်က ဖြစ်ပွားခဲ့တဲ့ တောင်ပြို၊မြေပြို ၊ရေကြီးမှုကြောင့် မန်စေခွန်ရွာအပါအဝင် ရွာခြောက်ရွာလောက်မှာရှိတဲ့ လယ်ဧကရာနဲ့ချီပြီး သဲမြေဖုံးလွှမ်းကာ စိုက်ခင်းတွေပျက်စီးသလို သဲသောင်ပြင်ကြီးဖြစ် သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စပါးစိုက်ခင်းတွေကို သဲတွေဖုံးလွှမ်းသွားတာကြောင့် မကြာမီရိတ်သိမ်းရတော့မယ့် စပါးခင်းတွေပျက်စီးသွားသလို လယ်တွေလည်းသဲတွေဖုံးသွားတဲ့အတွက် သဲသောင်ပြင်ကြီးဖြစ်သွားတာကြောင်​့ လာမယ့်မိုးရာသီမှာပင် စပါးစိုက်ပျိုးနိုင်လို့မရတဲ့အခြေအနေထိဖြစ်သွားတယ်လို့သိရပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေက သူတို့ကို အကူအညီနဲ့အကြံညဏ်တွေပေးကြဖို့ ပြောဆိုမှုတွေရှိနေပါတယ်။
“ကျွန်မတို့ မန်စေခွန်ရွာ တရွာလုံးမှာရှိတဲ့ လယ်တွေအကုန်မြုပ် ပျက်စီး သွားပါတယ်။အကုန်ဆုံးရှုံးနစ်နာသွားပါတယ်။ ကျွန်မတို့ကိုကူညီနိုင်တဲ့သူတွေက ကူညီပေးပါ။အကြံညဏ်ပေးနိုင်သူကပေးပါရှင်။ဒီမိုးတွင်းကြီးမှာချက်ချင်းကြီူပိုက်ဆံရှာပြီး ရုန်းကန်ကြဖို့မဖြစ်နိုင်လို့ပါ။ကူညီပေးကြပါ။ လာမယ့်နှစ်မှာလယ်ကိုပြန်ဖော်ပြီးစိုက်ဖို့လည်း ကျွန်မတို့ မနိုင်လို့ပါ။ရွာတွေကလယ်တွေအကုန်ပျက်စီးသွားပါတယ်။လယ်ကနေသဲသောင်ပြင်ဖြစ်သွားပါတယ်။”လို့ မန်စေခွန်ရွာ ဒေသခံကပြောပါတယ်။
အဆိုပါ ကျေးရွာတွေက စပါးကို ဒေသတွင်းရောင်းချဖို့နဲ့ ကိုယ်တိုင် သိုလှောင်ထားပြီး ကြိတ်ခွဲစားသောက်ဖို့ စိုက်ပျိုးကြတာဖြစ်လို့ ယခုမိုးစပါးစိုက်ဧကတွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။
ခုလိုရေကြီးမှုဖြစ်တာဟာ ပူဆာအိုမြို့တယ်အတွင်းလုပ်ကိုင်နေတဲ့ ရွှေတူးဖော်ရေးလုပ်ကိုင်မှုတွေ အထိန်းအကွပ်မဲလုပ်ဆောင်လာတဲ့အခြေအနေတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံပြည်သူတွေခံစားရတာဖြစ်တယ်လို ပူတာအိုမြို့ခံကပြောပါတယ်။
” မန်စေခွန်ရွာအပါ ရှမ်းရွာတွေက လယ်တွေအကုန်ပျက်စီးတာပါ။လယ်တွေရာနဲ့ချီရှိတယ်။ လယ်တွေက ဒီနှစ်ကမထင်မှတ်ဘဲရုတ်တရက်ရေကြီးတာ။ရွှေမှော်တွေကြောင့်၊ ရွှေမှော်တွေမဆင်မခြင်လုပ်တာကြောင့် လို့ကျွန်တော်ထင်တယ်။ အရင်ရေကြီးတာကဒီလောက်မဆိုးဘူး။အခုရေကြီးတော့ စပါးစိုက်ခင်းတွေ ဆုံးရှုံးသလို နောက်နှစ်မိုးစပါးအတွက်ပါမျိုးစပါးဆုံးရှုံးတဲ့သဘောဖြစ်သွားတယ် ။နောက်နှစ်ပြန်စိုက်ဖို့ကလည်းမလွယ်တဲ့သဘောဖြစ်သွားတယ်။အဲဒီလယ်တွေဖုံးသွားတဲ့သဲနူန်းတွေက ခုနပြောတဲ့ရွှေလုပ်ငန်းတွေကထွက်တာတွေပေါ့။”လို့ ပြောပါတယ်။
လက်ရှိအချိန်အထိတော့ လယ်မြေတွေပျက်စီးဆုံးရှုံးသွားတဲ့အပေါ် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေဘက်မှ အကူအညီတစုံတရာ လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။
ပူတာအိုမြို့နယ်ထဲက မန်စေခွန်ရွာအပါအဝင် ကျေးရွာအချို့မှာ စက်တင်ဘာ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တောင်ပြို၊မြေပြို၊ရေကြီးမှုကြောင့် စပါးစိုက်ဧက ရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရသလို တံတားတွေလည်းပျက်စီးခဲ့ရ တာဖြစ်ပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW