ရွေးကောက်ပွဲ အသုံးစရိတ်တွေ တိုးမြှင့် ၊ ကုန်ကျစာရင်း မတင်ပြရင် အရည်အချင်းပျက်ယွင်းသူ သတ်မှတ်မယ်

အောက်တိုဘာ ၂၃ – ၂၀၂၅
SS (VOM)
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို တိုးမြှင့် သတ်မှတ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အသိပေးထားပါတယ်။
လက်ရှိ ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေအရ ပြောင်းလဲ တိုးမြှင့်လိုက်တာဖြစ်ပြီး အရင်က လွှတ်တော် သုံးရပ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပေမယ့် အခု သိန်း ၁၅၀ အထိ တိုးပေးထားတယ်လို့ သိရပါတယ်။
ဒါအပြင် အရင်က ကျပ် သိန်း ၁၅၀ သတ်မှတ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကိုလည်း လက်ရှိမှာ သိန်း ၃၀၀ အထိ တိုးပေးထားတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက “အမှန်ကတော့လေ ကျွန်တော်တို့က နဂိုကတည်းကလည်း ဘဏ္ဍာရေး တောင့်တောင့်တင်းတင်းနဲ့ လုပ်ရတဲ့ နိုင်ငံရေးပါတီ မဟုတ်တော့ အရင်က သိန်း ၁၀၀ မကျော်ရလို့ ကန့်သတ်တုန်းကလည်း ကျွန်တော်တို့ မကျော်ပါဘူး။ သုံးလည်း မသုံးနိုင်ဘူး။ တချို့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေဆို လမ်းလျှောက်ပြီး စည်းရုံးရတာ၊ စက်ဘီးနဲ့ သွားပြီး စည်းရုံးရတာတွေတောင် ရှိပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ပါတီအနေနဲ့ အဓိကအားဖြင့် ငွေကြေး အကုန်ကျခံ စည်းရုံးတာထက် ပါတီဝင်တွေရဲ့ နိုင်ငံရေး စိတ်စေတနာအပေါ် ပြည်သူတွေက နားလည် ထောက်ခံလာဖို့ကိုပဲ မျှော်လင့်ပြီး ယှဉ်ပြိုင်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အဲဒါကြောင့် အခု သိန်း ၁၅၀ တိုးမြှင့်ပေးတယ်လို့ ပြောပါတယ်။ သိန်း ၁၅၀ မကျော်ရဘူးပေါ့နော်။ တချို့လည်း ရွေးကောက်ပွဲ မဲဆွယ်တဲ့ ခေါင်းစဉ်နဲ့ မဟုတ်ဘဲနဲ့ တခြား ခေါင်းစဉ်တွေနဲ့ အလှူအတန်းတွေ လုပ်နေတာ တွေ့နေရတာပဲ။ အဲဒီတော့ ကျွန်တော်တို့ကတော့ သိန်း ၁၅၀ မကျော်ရ ဆိုတဲ့အခါမှာ မကျော်ပါဘူး။ သိန်း ၁၅၀ ကျော်ဖို့ကို မရှိတာလေ” လို့ ဦးကိုကိုကြီးက ပြောပါတယ်။
အခုလို ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေ တိုးမြှင့် သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးကတော့ ဒီသတ်မှတ်ချက်ဟာ လက်ရှိ ကုန်ဈေးနှုန်း အခြေအနေနဲ့ ဆိုပါက အခက်အခဲ အနည်းအကျဉ်းတော့ ရှိနေတယ်လို့ ပြောပါတယ်။
“ဒီလို သတ်မှတ်တယ်ဆိုတော့လည်း သတ်မှတ်တဲ့ဘောင်ထဲပဲ လုပ်ရမှာပေါ့နော်။ ဒါပေမယ့် အခုခေတ် ကုန်ဈေးနှုန်းနဲ့ကျတော့လည်း တချို့ဆို နေရာကျယ်တယ်လေ။ အမျိုးသား လွှတ်တော်တို့ ဆိုရင်လည်း ၁၀ မြို့နယ်တို့၊ ၁၅ မြို့နယ်တို့၊ ရှစ်မြို့နယ်တို့ အဲဒီလို မြို့နယ် ကျယ်တဲ့အခါကျတော့ သတ်မှတ်ချက်က တန်းတူလုပ်လိုက်တဲ့ အခါကျတော့ နည်းနည်းလေးတော့ အခက်အခဲတော့ ရှိသွားတာပေါ့” လို့ ဦးစောဟန်အေးက ပြောပါတယ်။
လက်ရှိမှာ ပြည်သူ့လွှတ်တော်က မြို့နယ် တနယ်တည်းရှိပေမယ့် အမျိုးသား လွှတ်တော်ကတော့ တချို့နေရာတွေမှာဆို ၁၃ နယ်၊ ၁၄ နယ်၊ ရှစ်နယ်လောက် ရှိနေတဲ့အတွက် မြို့နယ် များတဲ့သူတွေအနေနဲ့ သွားရေးလာရေးမှာ ကုန်ကျစရိတ်တန်းတူ ဖြစ်နေရတာကြောင့် အနည်းငယ်တော့ မျှတမှုမရှိသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကတော့ သူက မြို့နယ်တခုကိုပဲ ကိုယ်စားပြုတယ်ဆိုတော့ သူကတော့ သိပ် ပြဿနာမရှိဘူးပေါ့။ အမျိုးသားလွှတ်တော် ဆိုတာကတော့ နယ်ကျယ်တာပေါ့။ ဒါပေမယ့် တချို့ ပြည်နယ်တွေမှာကျတော့လည်း မကျယ်ပြန်ဘူး။ ကရင်လိုဆိုရင် မြို့နယ် နည်းတာကိုး။ မြို့နယ်တိုင်းကို တမြို့နယ်မှာ အမျိုးသားလွှတ်တော်တခု ဖြစ်နေတာကိုး။ ရန်ကုန်လို နေရာမျိုးကျတော့ ခြောက်နေရာဆိုတော့ မြို့နယ်က ၄၅ မြို့နယ်လေ။ ကျွန်တော်ဆိုရင် ၁၄ မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) ဆိုရင်။ ၁၄ မြို့နယ်လုံးကို ပတ်ရမယ်၊ သွားရမယ် ဆိုရင်တော့ ကုန်ကျစရိတ် အပိုင်းကတော့ နည်းနည်းလေး ရှိနိုင်တာပေါ့။ ဒါပေမယ့်လည်း သူတို့ သတ်မှတ်ထားတဲ့ အနေအထားအတိုင်း သူတို့ရဲ့ ဘောင်ဝင်အောင်ပဲ လုပ်ပေးရမှာပေါ့” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ UEC အနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပြန်လည် စာရင်းတင်သွင်းဖို့ကိုလည်း ကြေညာထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက် တင်မြှောက်ခံရကြောင်း အမည် ကြေညာတဲ့နေ့ကနေ စပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကို ပုံစံ (၂၀) နဲ့ ရေးသွင်းကာ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲတွေဆီမှာ တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကတည်းက ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ဥပဒေဖြစ်ပြီး သတ်မှတ်ရက်အတွင်း ကုန်ကျစရိတ် မတင်သွင်းတဲ့ ကိုယ်စားလှယ်တွေကို ခုံအဖွဲ့ ဖွဲ့၊ စစ်ဆေးကာ အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထပ်မံပြုလုပ်မယ့်၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW