ဆူးငှက်
ဆီခွဲတမ်း
————
တကယ်တော့ ထိုအဖြစ်အပျက်တွေက တစ်နှစ်ကျော်ပင် ကြာခဲ့ပြီ။ အဘတို့ပင် အဲ့ဒီနောက်ပိုင်း ဦးလေးသောင်၏ ဆီစက်က ဆီ ဝယ်လို့မရတော့ဘူးတဲ့။ ဟို အနောက် ရတနာပုံဦးသိန်းဆီစက်တို့၊ ရွှေမန်းဆီစက်တို့မှာ ခွဲတမ်းနဲ့ ဝယ်ရတာတဲ့။ လိုသလောက်လည်း မရတော့ဘူးတဲ့ ဟု ပြောပြသည်။ ဟော တစ်နေ့မနေ့ကတော့ ဆီကိုပင် အစိုးရဆိုင်ကလွဲပြီး အပြင်လူ မရောင်းရဘူးတဲ့ ဟု ဆိုပြန်သည်။ အစိုးရဆိုင်ဆိုတာ နားမလည်တော့ ဝင်းပေါက်က ကိုထင်လှတို့ မရင်တို့ ဆိုင်က အစိုးရဆိုင်ဖြစ်သွားပြီ။ ဆန်တို့ ဆီတို့ ဆားတို့ ကို အဲ့ဒီဆိုင်က ကုန်ဝယ်စာအုပ်နှင့် ဝယ်ရမှာဟု အဘက ရှင်းပြသည်။ ဒါပေမယ့် အမေကတော့ မနက်တိုင် ဆီရောင်းထွက်သားပဲဟုသာ သိနေသည်။ တစ်ခုတော့ရှိသည်။
အမေက အရင်လို ဆီဗျပ်ကြီးနှင့်တော့ မဟုတ်။ သံပုံးပြားသေးသေးလေးကို အဘ၏ ရေလဲပုဆိုး အဟောင်းလေးနှင့် ပတ်ကာ ခပ်သုတ်သုတ် ထွက်သွားကာ ခပ်စောစော ပြန်လာတတ်သည်။ တစ်ခါတရံ ရွှေမန်းဆီစက်မှာ ဆီခွဲတမ်းပေးနေသတဲ့ဟု ကြားလျှင် ချက်ချင်ထပြေးသည်။ တစ်ခါတရံ မနက်၅နာရီလောက် ထပြီး သွားတန်းစီရသည်။ တစ်ခါလား ကျွန်တော် လိုက်သွားဖူး၏။ အမလေး မနက်၅နာရီလောက် ထသွားတာကိုပင် ကိုယ့်ရှေ့မှာ လူတန်းကြီး ရောက်နေပြီ။ မနက်၈နာရီလောက် ဆီစရောင်းတော့ တိုးကြ ဝှေ့ကြ ရန်ဖြစ်ကြနှင့်မို့ နောက်တစ်ခါ ကျွန်တော် မလိုက်ရဲတော့။ ဒေါ်ရင့်ဆိုင်က ဆန်ရောင်းနေပြီဟု ဆိုလျှင်လည်း အိမ်ရှိ အစ်မက ပုဆိုးဟောင်းလေး ခေါင်းပေါ်တင် ဆန်စာအုပ်လေးဆွဲပြီး မရမှာစိုးလို့ ထမင်းချက်ရာကပင် ထပြေးရသည်။
ဆီမှောင်ခိုတဲ့
—————
ထိုနေ့ကိုတော့ မှတ်မိနေသည်။ အမေက မနက်မှာ ထုံးစံအတိုင်း ဆီပုံးလေး ပုဆိုးဟောင်းလေးနှင့် ပတ်ပြီး ဈေးရောင်း ထွက်သွားသည်။ မကြာပါချေ၊ အမေ ပြန်လာ၏။ အရပ်ထဲမှာ အခြေအနေမကောင်းလို့ ဘီလူးမ ညောင်ပင်ကနေ လှည့်ပြန်လာတာ၊ ပုံးထဲ ဆီနည်းနည်းကျန်သေးတယ် ဟု ပြောပြီး နှီးယပ်တောင်ကြီး တဗြန်းဗြန်းခပ်၍ အိမ်ရှေ့ခုတင်ပေါ် လှဲနေသည်။ အဘက အိမ်ရှေ့မှာ ယိုင်နဲ့နေသော ရေအိုးစင်ကို နှစ်တစ်လက်မ အသားချောင်းလေးနှင့် အသားပိုးပြီး ရိုက်နေသည်။ အစ်မကြီးက သူ့သမီးအကြီးမကို ရေချိုးပေးနေသည်။
အစ်မလတ်က ညနေစာ ဟင်းချက်မည့် ပဲတွေ ရေစိမ်ကာ အခွံကို ညှစ်ဖယ်နေသည်။ ကျွန်တော်က အမေ့ဘေးမှာ၊ အစ်မငယ်က မြောက်နားက မမသန်းလှ အိမ်မှာ။ ဒီအချိန်မှာပဲ ရပ်ကွက်လူကြီးနှင့် ရဲ၃ယောက် ရောက်လာပြီး ဒီအိမ်မှာ ဆီရောင်းတယ်ဆိုလို့ ရှာမယ်တဲ့။ အဘက အံအားတသင့် မော့ကြည့်သည်။ အစ်မကြီးက သူ့ကလေးနှင့် အလုပ်ရှုပ်နေလို့ လှည့်ပြီး ကလေးကို ရေဆက်ချိုးပေးနေသည်။ အမေက လူးလဲထပြီး အရင်ကရောင်းတာပါ၊ အခု မရောင်းတော့ပါဘူတော်၊ အိမ်စားဖို့လေး ပဲရှိတာပါ ဟုပြောသည်။ လူကြီးနှင့် ရဲတွေက အိမ်ရှေ့ မီးဖိုနားက တောင်းတွေ ပလုံးတွေ လှန်ကြည့်သည်။ ဘာမှမရှိ။
အလွန်ဆုံးရှိမှ တစ်ပိဿာခွဲပါ
—————————-
ရဲက အိမ်နောက်ဖေး ရှာကြည့်ဦးဟု ပြောတော့ ပဲညှစ်နေသည့် အစ်မလတ်က အိမ်နောက်ဖေးရှာရင် ဆီတော့ တွေ့မှာ မဟုတ်ဘူး၊ သေးပဲတွေ့မှာပဲ ဟု ဘောက်တိဘောက်ထိုးပြောလိုက်သည်။ ရဲက ဒေါသဖြစ်ပြီး နောက်ဖေးထိ တောင်းတွေ ပလုံးတွေလှန်လှောရှာတော့ အဘ၏ သေတ္တာဟောင်းကြီးဘေးမှာ ရေလဲပုဆိုးနှင့် ပတ်ထားသည့် ဆီပုံလေး တွေ့သွားပါလေရော။ ကိုင်း.. ဒီမျာတွေ့ပြီ၊ ဘာညာဦးမလို့လဲ ကိုင်း စခန်းရောက်မှ ဖြေရှင်းတော့ အဒေါ်ကြီး လိုက်ခဲ့ဟုခေါ်သည်။ အမေက အဲ့ဒီပုံးလေးထဲက အိမ်စားဖို့ စုလားတာပါတော်၊ အလွန်ရှိ တစ်ပိဿာခွဲပေါ့၊ ကျုပ်ရောင်းဖို့ မဟုတ်ပါဘူးတော် ဟု ပြောသော်လည်း အဒေါ်ကြီး ညာမနေပါနဲ့ ဒီဘိုးလမ်းထိပ်က အိမ်မှာ အဒေါ်ကြီးရောင်းနေတာ တွေ့လို့ လိုက်လာတာ ဟု ပြောသည်။
ရပ်ကွက်လူကြီးက မချောရင်ရေ လိုက်ခဲ့ပါ။ စခန်းရောက်မှ ကျွန်တော်လည်း ကူပြောပေးပါ့မယ် ဟု မျက်စိမျက်နှာ ပျက်ပျက်နှင့် ခေါ်သည်။ အဘက ကျုပ်ရော လိုက်မယ်ဆိုပြီး အဘပါ လိုက်သွားသည်။ အရပ်ထဲက ကိုသန်းမြင်းလှည်းကိုခေါ်ကာ အဘနှင့်အမေ့ကို မြင်းလှည်းပေါ် အရင်တက်စေကာ ရဲတယောက်နှင့် ရပ်ကွက်လူကြီးက ရှေ့ကထိုင်ပြီး ရဲ၂ယောက်က နောက်ကထိုင်ကာ မြင်းလှည်းက အနောက်ဘက် မိကျောင်းတံတားဆီ ဦးတည် မောင်းသွားသည်။ အစ်မ၂ယောက်က မြင်းလှည်းနောက်ထိလိုက်ပြီး တောင်းပန်ကြသည်။ အစ်မငယ်နှင့် မမသန်းလှတို့က အခုမှသိပြီး ပြေးထွက်လာကြသည်။ ကျွန်တော်က ဘာမှန်းမသိ ကြောက်လန့်ပြီး ငိုတော့သည်။
စိန်ပန်းဂတ်မှာတဲ့
—————–
ညနေစောင်းတော့ အခြေအနေသိချင်ကြလို့ အိမ်ကအစ်မခင်ပွန်း ကိုသိန်းမောင်နှင့် ကိုကိုစိန်လှိုင်တို့က မေးမြန်းပြီး လိုက်ကြတော့ အေလမ်း စိန်ပန်းဂတ်တဲမှာတဲ့။ အခု အမှတ်၇ ရဲစခန်းပေါ့။ အမေကတော့ နေရစ်ရမယ်တဲ့၊ ဒီနေ့ စခန်းမှူးမရှိသေးလို့တဲ့။ အဘက ကိုသိန်းမောင်တို့ စက်ဘီးနောက်က ထိုင်ပြီး ပြန်လိုက်လာသည်။ အိမ်ရောက်လို့ ဝိုင်းမေးကြတော့ ဆီမှောင်ခိုရောင်းမှုနဲ့ တရားစွဲရုံးတင်မှာတဲ့၊ အခု စခန်းမှူးမရှိသေးလို့ အပြင်မှာ ဒီတိုင်း ခေါ်ထားသေးတယ် ဟု အပြောမှာ အစ်မတွေ ငိုကြသည်။ ကျွန်တော်လည်း အစ်မကြီးရင်ခွင်မှာ တရှုံ့ရုံှ့ပေါ့။
အဘက ကိုင်း ခင်ဝင်းနဲ့ ခင်မြ နင်တို့ အမေအတွက် အင်္ကျီနဲ့ ထမီရယ်၊ တဘက်လေးရယ် သွားပို့လိုက်ကြဦး၊ လိုရမယ်ရ ချည်စောင် ကလနံလေးပါယူသွား ဆိုတာနှင့် အစ်မတွေက အမေ့အဝတ်အစားလေး ထုပ်ပိုးကာ မမသန်းလှ စက်ဘီးကိုငှားပြီး အစ်မငယ်မခင်ဝင်းက နင်း၊ အစ်မလတ် မခင်မြက နောက်က ထိုင်ကာ သွားမယ်လုပ်တော့ ကျွန်တော်က မလိုက်ရလို့ ငိုပြန်သည်။ ဘယ်လိုမှ ချော့မရသည်နှင့် မမခင်မြက နောက်ကနေ ကျွန်တော့်ကို ပွေ့ကာ အဝတ်ထုပ်ကို စက်ဘီးရှေ့ လက်ကိုင်မှာ ချိတ်ပြီး စိန်ပန်းဂတ်တဲသို့ သွားကြတော့သည်။ နေဝင်မှောင်ပြီမို့ မိကျောင်းတံတားပေါ်မှာ လူပြတ်ပြီ။ ဥယျာဉ်တန်းဘက်က အိမ်လေးတွေမှာလည်း မီးလေးတွေ မှတ်တုတ်။
အေလမ်းဘေးက ကုက္ကိုပင်ကြီးတွေ
———————————-
စိန်ပန်းဂတ်တဲရောက်တော့ မိုချုပ်ပေါ့။ အေလမ်းဘေး ကုက္ကိုပင်ကြီးတွေ အရိပ်မဲက လမ်းမီးဝါကျင့်ကျင့်ကို အုပ်မိုးထားသည်။ ဂတ်တဲရှေ့ ကင်းတဲမှာ အစ်မတို့က အကျိုးအကြောင်းပြောတော့ ပစ္စည်းတွေထားခဲ့ပါ။ လူတော့ တွေ့လို့ မရတော့ဘူး ဆိုလို့ အစ်မလတ်က ဗျစ်တောက်ဗျစ်တောက်လုပ်နေသေး၏။ အဝတ်ထုပ်ပေးကာ ပြန်မယ်လုပ်တော့ ကျွန်တော်က မပြန်ဘူး အမေနဲ့နေရစ်မယ်ဟု ငိုပြန်ရော၊ အစ်မတွေမှာလည်း ထားခဲ့ရမလား၊ ဇွတ်ပြန်ခေါ်ရမလား ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ချိန် ကျွန်တော့် ငိုသံကြားလို့ အမေက ရုံးရဲ့ ဟိုနောက်ထဲက ပြေးထွက်လာပြီး ဗိုလ်ကြီးတို့ ကလေးကို ကျုပ်နဲ့ခေါ်ထားပါရစေ၊ ကျုပ်နဲ့ခေါ်ထားပါရစေ ဟုအအော် ရဲက ရှေ့က တားပြီး အဒေါ်ကြီး မထွက်ခဲ့နဲ့ ကလေးကို ခေါ်ထားပြီး လာပို့ပေးမယ်ဟု ပြောကာ တားသည်။
ထို့နောက် အစ်မတို့ဘက်လှည့်ကာ ကဲ ညီမတို့ ပြန်ကြတော့ ကလေးက မအေနဲ့ မခွဲဖူးဘူးထင်တယ်၊ ကျွန်တော် အဒေါ်ကြီးဆီ ပို့လိုက်မယ်၊ မနက်မှ ကလေးကို ပြန်လာခေါ်လိုက်ပါ ဆိုပြီး ကျွန်တော့်ကို လက်ဆွဲကာ အုတ်တိုက် ရုံး၏ ဘေးက ပတ်၍ အမေ့ထံပို့သည်။ အမေက အုတ်တိုက်ရုံး၏ နောက်ဘက် တစ်ထပ်ခြေတံရှည် အိမ်လေး လှေကားရင်းမှ ကျွန်တော့ကို ပြေးခေါ်သည်။ ရဲက ကဲ ဒီညတော့ ဒီမှာပဲ အိပ်ကြဦး။ ကျွန်တော် အိမ်က ဖယောင်းတိုင်လေးနဲ့ ခြင်ထောင်လာပေးမယ်။ ဘေးထောင်ထားတဲ့ ဖျာက အကောင်းပါ။ အရင်နေသွားတဲ့ ဆရာကြီးတို့ ကျန်ခဲ့တာ။ ခင်းအိပ်လိုက်ပေါ့ ဟု ပြောရင်း သူ့အိမ်ဘက် ကူးသွားသည်။
အမေက ကျွန်တော့်ကို ပွေ့ထားကာ ဒီည ဒီမှာပဲ အမေနဲ့ အိပ်ရမှာ မငိုနဲ့တော့ဟု ပြောသည်။ ခဏနေတော့ စောစောက ရဲကြီးက ဖယောင်းတိုင် တစ်တိုင်ကို မီးညှိလာကာ အလွတ်တစ်တိုင်နှင့်အတူ ခြင်ထောင်ဟောင်းကြီး တစ်ထည်လာပေး၏။ အဒေါ်ကြီး ကံကောင်းတယ်၊ မိန်မဖော်မရှိတော့ အချုပ်ထဲ မအိပ်ရဘူးပေါ့ ဟု ပြောသည်။ ကျွန်တော် နားမလည်။ ဖယောင်းတိုင်လေး ဝရ့တာပေါ် တင်ထွန်းကာ လှေကားရင်းမှာ ထောင်ထားသည့် တံမြက်စည်း ဟောင်းလေးနှင့် ကြမါးပြင်ကို အမေက လှဲကျင်းသည်။ အခုနေရာက အိမ်၏ ဝရံတာဖြစ်သည်။ နောက်က အိမ်မကြီးကတော့ သော့ခတ် ပိတ်ထား၏။ ကြမ်းပြင်ကိုလဲကျင်းပြီး ခြေရင်းမှာ လိတ်၍ထောင်ထားသော နှီးချောဖျာကို ခင်းသည်။ ခြင်ထောင် ထောင်ကြည့်တော့ အဆင်မပြေ၊ ၄ဘက်မှာ ၃ဘက်ပဲ ကြိုးနှင့် ဆွဲရပြီး ခြေရင်းတစ်ဘက်က ဆွဲစရာ ကြိုးရော သံရောမရှိ။
သံချောင်းသံ ၉ချက်မှသည်
————————–
အမေက အိပ်ရာပြင်ဆင်ပေးပြီး ဝင်းပေါက် ကင်းက ၉ချက်သံချောင်းခေါက်တော့ ကဲ အိပ်တော့ မိုးချုပ်ပြီး ဖယောင်းတိုင် ညှိမ်းတော့မယ်ဟု ပြောသော်လည်း ကျွန်တော်က ခေါင်းရမ်းကာ ငုတ်တုတ်ထိုင်နေသည်။ ကျွန်တော်မအိပ်တော့ အမေလည်း အိပ်မရနိုင်။ ဂတ်ထဲဝင်းအတွင်း သစ်ပင်ကြီးများဆီက တောက်တဲ့သံလားမသိ အသံတွေ ကြားနေရသည်။ လကလည်း ပြည့်လုနီးမို့ သာပါ့။ အေလမ်းဘက်ဆီက တစ်ခါတရံမှသာ မြစ်ဆိပ်ဆင်းသည့် မြင်းလှည်းသံ ကြားရသည်။ ကျန်သည့်အချိန် ပုစဉ်းရင်ကွဲသံတွေ ဆူလို့။ ဒီလို လသာပြီး ပစဉ်းသံနှင့် ရာသီဥတု သာယာသော ညကို အိမ်မှာဆိုလျှင် အမေက ဇာတ်ထုပ်တစ်ထုပ် ကောင်းကောင်းခင်းပြလိမ့်မည်။ ကျွန်တော်ကလည်း အမေ့ရင်ခွင်ကြားမှာ မှေးကာ ဇာတ်ထုပ်ထဲ နစ်မျောပြီး အိပ်ပျော်သွားပေမည်။ အခုတော့ အမေကလည်း ငုတ်တုတ်နှုတ်ဆိတ်၊ ကျွန်တော်ကလည်း ငုတ်တုတ်လေးနှင့် ဘာမှန်းမသိသော ကြောက်စိတ်တွေ ဝင်နေသည်။
ခဏနေတော့ အမေက ထိုင်ရာက ရွှေ့ကာ ဟောတော် ငါ့မှာ ယားပါတယ်လို့ စောစောကတည်းက ထင်နေတာ ဖျာက ကြမ်းပိုးတွေကိုး။ ထစမ်းထစမ်း ဒီဖျာကြီး ဖယ်လိုက်ရအောင်ဟုဆိုကာ ဒရွတိတိုက် ပုံကျနေသော ခြင်ထောင်ကို မ ပြီး ဖျာကိုထုတ်ကာ အိမ်လေးရှေ့ ကွက်လပ်ထဲ ပစ်ချလိုက်သည်။ အိမ်က ပါလာသည့် ဖျင်စောင် ကလနံလေးကိုပဲ ကျိုးတိုကျဲတဲ ကြမ်းပေါ်ခင်းကာ အမေက လဲှအိပ်သည်။ ကျွန်တော်က အမေ့ဘေး ဝင်ခွေသည်။ ပုဇဉ်းသံတွေက ဆူလို့၊ နာရီသံချောင်းက ၁၁ချက်ခေါက်ပေါ့။ ကျွန်တော်အိပ်ပျော်သွားပေမယ့် အမေ အိပ်ပျော်မှာမဟုတ်။ တဝီဝီမြည်ကာ မျက်နှာနားအထိ လွတ်သည့်နေရာ ကိုက်တွယ်မည့် ခြင်တွေကို အမေက တဘက်လေးနှင့် ရမ်းထုတ်နေတာ မနက်မိုးလင်းသည် အထိ ဖြစ်ပေမည်။
ဝိုးတဝါး မနက်နှင့် စလေကိုယ်တော်ကြီး
————————————–
စိန်ပန်းဂတ်တဲက သံချောင်း ၇ချက်မှာ ကျွန်တော်နိုးသည်။ အိမ်က အမေ့အိပ်ရာမှာပဲလို့ နိုနိုးချင်း ထင်မှတ်မှားနေ သေး၏။ အိပ်ရာဘေးက ခုံရှည်မှာ ဆွမ်းခံထိုင်ကိုယ်တော် စလေကိုယ်တော်ကြီး အသံကို ယောင်ရမ်းကာ နားစွင့်မိသေးသည်။ အိပ်ချင်မူးတူးမှာ အသိက မသဲကွဲသေး။ အိမ်မှာက ဒီအချိန်ဆို ဆွမ်းခံ ထိုင်ကိုယ်တော် စလေကိုယ်တော်ကြီး ကြွလာပြီ။ အိမ်မှာက ဆွမ်းခံ ထိုင်ကိုယ်တော် ၄ပါးရှိသည်။ ဒေးဝန်း ရေပန်းတိုက် ဘုတလင်ကျောင်း ဦးပဉ္စင်း ဦးသီရိက စောသည်။ မနက်၆နာရီဆို ကြွလာပြီ။ ဆက်တိုက်ဆိုသလို တောင်သမန်တိုက် သဖန်းကျောင်း ဦးပဉ္စင်းနှင့် ပုဂံတိုက် စိန်ရွှေရတနာကျောင်း ဦးပဉ္စင်းတို့က ကြွလာသည်။ သည်ကြားထဲ ရပ်ကိုယ်တော်တွေ ကြွလာသေး၏။ ၇နာရီလောက်ဆို စလေကိုယ်တော်ကြီး ကြွလာသည်။ စလေ ကိုယ်တော်ကြီးက ဒက္ခိဏဝန်တိုက် စလေ ကျောင်းမှာ သီတင်းသုံးသည့် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်သည်။ ဘွဲ့မသိကြ၊ လူကြီးတွေကအစ စလေကိုယ်တော်လု့ိပဲ အစဉ်အဆက် ခေါ်ကြ၏။ အသားက ညိုညို အရပ်က ထောင်ထောင်မောင်းမောင်း အသားညိုညိုနှင့် မေးကော့သည်။ စလေကိုယ်တော်ကြီးက ဝင်းထဲမှာ ဆွမ်းခံသက် အရှည်ဆုံးတဲ့။ အရင်က ဝင်းထဲမှာနေသွားသော ဦးကြီးလှတင်တို့ ရှိစဉ်ကတည်းက ဆွမ်းခံအိမ်တဲ့။
ဦးကြီးလှတင်တို့ ရေစက်ရုံကြီးနား ပြောင်းကာ ဓာတ်ပုံတိုက်ဖွင့်တော့ စလေကိုယ်တော်ကြီးက ထိုနေရာအထိ လိုက်ပါ ဆွမ်းခံကာ အပြန်တွင် ဝင်းထဲဝင်ဆွမ်းခံရင်း နားသည်။ ဆရာရင်း ဒကာရင်းတွေမို့ ကျွန်တော်တို့အိမ်ရှေ့ အရင်ဝင် ရေနွေးကြမ်းနှင့် အကြော်ဘုန်းပေး၊ အိပ်ရာက မနိုးသေးသော ကျွန်တော့်ကို ကိုယ်စောင့်နတ်တွေ နတ်သဘင် အစည်းအဝေး နောက်ကျလို့ မင်းကို စိတ်ဆိုးကြလိမ့်မယ်၊ ထတော့ကွဟုပြောလျှင် ကျွန်တော်က လူးလဲထသည်။ စလေကိုယ်တော်ကြီးက ဆေးပေါ့လိပ်တစ်လိပ်ဖွာရင်း တဟဲဟဲ ရယ်တော့သည်။ အိမ်မှာ ခဏနားပြီး မြောက်ဘက် ဦးကြီးဘထွန်းအိမ်မှာလည်း အေးအေးဆေးဆေး စကားပြောကာ နားသေးသည်။ ဦးကြီးဘထွန်းတို့ အိမ်မှာ နားပြီး ပြန်အထွက် မျက်နှာသစ်ပြီးလို့ အိမ်ရှေ့မှာ ထိုင်နေသော ကျွန်တော်ကို သပိတ်ပေါ်က မုန့်တခုခု စွန့်သွားပြီး နက်ဖြန်မနက်လည်း စောစောထကွ ဟု ပြောရင်း လက်ထဲက သတင်းစာခေါက်နှင့် ခေါင်းကို ပုတ်သွားသည်။
လက်ထဲက သတင်းစာခေါက်ဆိုတာ သည်လိုပါ။ စလေကိုယ်တော်ကြီးက သတင်းစာဖတ်သည်။ ထို့ကြောင့် သတင်းစာနေ့စဉ်ယူသော ဦးကြီးလှတင်အိမ်က အပြန်မှာ ဦးကြီးဖတ်ပြီးသော သတင်းစာကို ယူလာပြီး ကျောင်းမှာ ဖတ်ကာ နောက်ရက် ဆွမ်းခံမှ သတင်းစာဟောင်းကို ပြန်ယူသွားသည်။ နောက်ပိုင်း ကျွန်တော် စာဖတ်ဝါသနာပါတော့ မနက်ခင်း စလေ ကိုယ်တော်ကြီးလက်ထဲက သတင်းစာကိုမျှော်သည်။ ဥပုသ်လိုနေ့မျိုးဆိုလျှင် ကျောင်းထိလိုက်သွားပြီး စလေ ကိုယ်တော်ကြီး စုဆောင်းထားသည့် စာအုပ်ပုံကို မွှေတော့သည်။
စိန်ပန်းဂတ်က ကတိုးဝါကြော်
—————————
အခု အိပ်ရာကနိုးတော့ အိမ်မှာ မဟုတ်မှန်းနှင့် မနေ့ညနေက အဖြစ်အပျက်ကို သတိရသွားကာ ရုတ်ချည်း ထတော့ အမေက အိပ်ပါဦးလားဟု ပြောသည်။ မနေ့ညကတည်းက ခြင်ရမ်းနေသော တဘက်လေးက အမေ့လက်ထဲမှာ ခြင်ရမ်းနေဆဲ။ မအိပ်ချင်တော့ရင်လည်း ထလေ၊ ဟိုအနောက်နားက ရေတိုင်မှာ မျက်နှာသစ်လို့ရတယ်။ ခဏနေလို့ နင့်အစ်မတွေ လာကြရင် ပြန်လိုက်သွား၊ ဒီမှာဆို ခြင်ကိုက်လို့ ကောင်းကောင်းအိပ်ရမှာ မဟုတ်ဘူးဟု ပြောတော့ အမေကရော လို့ ကျွန်တော့ အမေးကို နှုတ်ဆိတ်နေ၏။ သားအမိ၂ယောက် အတော်ကြာနှုတ်ဆိတ်နေကြဆဲ မကြာမီ မနေ့ညက သည်နေရာကို ပို့ပေးသော ရဲကြီးရောက်လာသည်။ မနေ့ညက မှောင်နေလို့ မသဲကွဲသော်လည်း အခု လင်းလင်းချင်းချင်းမှာ မြင်လိုက်တော့ အသက်အတော်ကြီးပုံပါပဲ။
ရဲကြီးက မနေ့ညက သားအမိ၂ယောက် အိပ်ပျော်ကြရဲ့လား၊ ခဏနေရင် စခန်းမှူး ရောက်လာတော့မှာပါ ဟု ပြောရင်း လက်ထဲက ဖက်နှင့် ထုပ်ထားသော မုန့်ထုပ်လေးပေးကာ ကဲ ဒါလေးစားနှင့်ကြဦးဟု ပြောကာ ပြန်ထွက်သွား၏။ ပူပူနွေးနွေး ကတိုးဝါကြော်တွေပဲ။ ၅ခုလောက်ရှိမှာပေါ့။ ကျွန်တော့်ကို အမေက ရေတိုင်လေးမှာ မျက်နှာသစ်ပေးပြီး ကတိုးဝါကြော်တွေစားသည်။ ကျွန်တော်က ကြိုက်လို့ ၂ခုစားသော်လည်း အမေက တစ်ခုပင်မကုန် ကျန်တဲ့ အမေ့အကြော်ကို ကျွန်တော် ထပ်စားသည်။ နာရီသံချောင်းက ၈ချက် ခေါက်ပြီ။ ခဏနေတော့ အုတ်တိုက်ရုံးဘက်က အသံတွေ ကြားရသည်။ ခရာသံ အမိန့်ပေးသံ တန်းစီသံတွေ စကားသံတွေ ကြားရသည်။ ဂတ်တဲရှေ့ ကင်းတဲဘက်ကလည်း လူသံတွေကြားရသည်။ အေလမ်းပေါ်မှာ မြင်းလှည်းသံတွေ စိတ်လာ၏။
နာရီဝက်လောက်နေတော့ စောစောက ရဲကြီးက လာခေါ်သည်။ စခန်းမှူးရောက်ပြီ၊ ခေါ်ခိုင်းလို့တဲ့။ အမေက ဝရံတာလေးက ဆင်းသည်။ ကျွန်တော်က အမေ့ထမီဆွဲကာ နောက်က တွယ်ကပ်နေလို့ ရဲကြီးက ကဲ.. ကလေးပါ ခေါ်ခဲ့ပါဗျာ ဟု ပြောပြီး ရှေ့က အုတ်တိုက်ရုံးခန်းထဲဝင်သည်။ ကျွန်တော်က အချုပ်ခန်းနှင့် အချုပ်သားတွေကို အပေါက်ဝက မြင်လိုက်ရသည်နှင့် အမေ့ကို ဆွဲကာ တွန့်ဆုတ်သွားသည်။ အမေက ပုခုံးကနေ လက်နှင့် ပွေ့ကာ သူ့ဘေး ကပ်စေသည်။ အုတ်တိုက်၏ အဝင်စ အရှေ့ဘက်မှာ စာပွဲတစ်လုံးနှင့် ရဲစခန်းမှူးက ထိုင်နေသည်။ မျက်နှာချင်းဆိုင်မှာ ထိုင်ခုံအလွတ် တစ်လုံးရှိသည်။ စခန်းမှူးနောက်ဘေးနားမှာ ဘီရိုတစ်လုံးနှင့် ဖိုင်တွဲများတင်ထားသော စင်ရှိသည်။ နောက်ကျောနံရံမှာ ကြယ်ငါးပွင့် အလံနှင့် တဘက်တချက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဗိုလ်ချုပ်နေဝင်းပုံ ရှိသည်။ စခန်းမှူးဘေးမှာ ရဲသားတစ်ယောက် ခပ်တောင့်တောင့် ရပ်နေ၏။
အချုပ်ခန်းထဲက အချုပ်သား ယောက်ျားတွေချည်း ၁၀ယောက် ဝန်းကျင် ရှိနိုင်သည်။ တချို့မတ်တပ်၊ တချို့ထိုင်လျှက်။ မိတ်ဆွေတို့ ၄နှစ်ကျော် ၅နှစ်သားတစ်ယောက်က အတိအကျ မှတ်မိလှချေလား၊ အတော်မှတ်ဉာဏ် ကောင်းတာပဲ ဟု မချီးမွမ်းပါနှင့်။ ဘယ့်နှယ် အဲဒီလောက် အတိအကျ မှတ်မိပါ့မလဲဗျာ။ အရွယ်ရောက်လို့ အိမ်က အမေအိုနဲ့ အစ်မတွေ ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောကြတိုင်း ပါနေကျ အကြောင်းအရာဆိုတော့ အကြိမ်ကြိမ် ပြန်ကြားနေရကာ အသစ်အသစ်ဖြစ်နေလို့ မှတ်မိနေခြင်း ဖြစ်သည်။
အရေးယူလို့ရတယ်
——————-
စခန်းမှူးရှေ့ရောက်တော့ မဝံ့မရဲဖြစ်နေသော အမေ့ကို ကိုင်း.. ဒေါ်ချောရင်တဲ့လား၊ လာ ဒီမှာထိုင် ဟုဆိုကာ ဖိုင်ကိုဖွင့်ပြီး ဖောင်တိန်ကိုကိုင်သည်။ ကျွန်တော်က အမေ့ဘေး ကပ်ကာ ရပ်နေသည်။ အသက် ဘယ်လောက်ရှိပြီ်လဲ ဟု မေးတော့ အမေက ၅၀ထဲရောက်ပါပြီတော် တဲ့။ စခန်းမှူးက ပြုံးသည်။ အဒေါ်ကြီး ဆီရောင်းတာကြာပြီလား ဟု မေးတော့ ကျုပ်တို့ ၁၉နှစ်သမီး မန္တလေးရောက်ကတည်းက ရောင်းတာပါ ဟုဖြေသည်။ မဟုတ်ဘူးဗျ၊ ကျွန်တော်မေးတာက အခု မှောင်ခိုဆီကို ရောင်းနေတာ ကြာပြီလား မေးတာ ဟု ဆိုမှ အမေက အမလေး ဗိုလ်ကြီးရယ်၊ မရောင်းရဘူးဆိုလို့ မရောင်းရဲတာ ကြာပါပြီ။ အခုဟာက ဖောက်သည်ထဲက ဆွမ်းလေးကပ်ချင်လို့ ဆွမ်းဟင်းချက်စရာ ဆီလေးနည်းနည်းမျှပါ ပြောလို့ သွားပို့ဖြစ်တာပါတော့ ဟု အမေက ပြောသည်။
စခန်းမှူးက အမေ့ကို ကြည့်ပြီး ကိုင်းအဒေါ်ကြီး သွားပို့ပို့ သွားရောင်းရောင်း ပိဿာလိုက်ဆို တစ်ပိဿာလည်း မရဘူးလေ၊ အရေးယူလို့ ရတယ်နော် ဟု ဆိုကာ ဖိုင်ထဲက စာရွက်ပေါ် ရေးသားနေသည်။ ခဏနေတော့ အံဆွဲထဲက သော့တွဲတစ်တွဲကို အနားက ရပ်စောင့်နေသော လာခေါ်သည့် ရဲသားကြီးထံ လှမ်းပေးပြီး ကိုင်း ဖွင့်ပေးလိုက်ပါ ဆရာကြီး တဲ့။ အမေက အချုပ်ခန်းဘက်ကြည့်ပြီး မျက်လုံးပြူးသွားသည်။ ကျွန်တော်က အမေ့ဘေး ပို၍ တိုးကပ်သည်။
စခန်းမှူးက ကဲ အဒေါ်ကြီး လာ ဒီနေရာမှာ လက်မှတ်ထိုး ပြီးရင် ဆရာကြီးနောက် လိုက်သွား ဟု ဆိုတော့ စခန်းမှူး လက်မှတ်ထိုးခိုင်းသော စာရွက်ပေါ်မှာ စာမတတ်သည့်အမေ ဘာတွေရေးထားသလဲဆိုတာ သိမှာမဟုတ်သလို ၄နှစ်ကျော် ၅နှစ်အရွယ် ကျွန်တော်လည်း မသိနိုင်။ အမေက ချပေးသည့် ဖောင်တိန်လေး မရဲတရဲကိုင်ကာ စခန်းမှူး လက်ထောက် ပြထားသည့်နေရာ ဘာမှန်းမသိသည့် အတွန့်လေး ခြစ်လိုက်သည်။ စခန်းမှူးက ရပြီရပြီ လိုက်သွားတော့ ဟု ပြောလို့ အပေါက်က စောင့်နေသော ဆရာကြီးနောက် လိုက်ရသည်။ ဝေးဝေးမဟုတ်၊ အုတ်တိုက်ဘေးနားက အခန်းလေးကို သော့ဖွင့်ပြီး မနေ့ညနေက အိမ်မှာ သိမ်းခဲ့သော အမေ့ဆီပုံးလေးနှင့် ဆီဗျပ်ကို ယူကာ ပေးသည်။ ရဲကြီးက ကိုင်းအစ်မကြီး ပစ္စည်းတွေ အကုန်ပြန်ပေးလိုက်ပြီနော် ဆီတွေလည်း ပါတယ်။ ကိုင်းဗျာ နောက် မရောင်းမိစေနဲ့ဗျာ။ လွတ်ကင်းတာပဲ လုပ်စားကြပေါ့ဗျာ၊ ရှေ့မှာလည်း အစ်မကြီးအိမ်က စောင့်နေကြတယ် ဟု ပြောတော့ အမေက ဆီပုံးလေးကိုင်ရင်း အံ့အားသင့်နေ၏။ မနေ့ညက မှောင်မှောင်မို့ ရဲကြီးကလည်း အမေ့ကို အသက်ကြီးပြီထင်ကာ အဒေါ်ကြီးဟုခေါ်သော်လည်း အခုမနက်တွေ့တော့ သူနှင့် မတိမ်းမယိမ်းမို့ အားနာကာ ရှိုးတိုရှန်းတန်းဖြစ်ကာ အစ်မကြီးဟု ခေါ်ပုံရသည်။
ဆွမ်းကပ်ဖို့ ဆီတစ်ပိဿာလောက်
———————————
အမေက သူ့ဆီဗျပ်လေးရွက် သူ့ဆီပုံးလေးကိုင်ပြီး ကျွန်တော်က အမေ့ထမီဆွဲကာ ရဲသားကြီးခေါ်သည့် အပေါက်ဘက် လိုက်သွားသည်။ ရဲစခန်းအုတ်တိုက် အပေါက်က မတ်တပ်ရပ်ကြည့်နေသော စခန်းမှူးက အဒေါ်ကြီး ကျွန်တော့်အိမ် ဆွမ်းကပ်ရမှာမို့ ဆီတပိဿာလောက် ပို့ခဲ့ပါဦးဟု လှမ်းအအော် အမေက မပို့ရဲပေါင်တော်ဟု ပြန်ဖြေလို့ ရယ်မောနေသည်။
ဂတ်တဲအပေါက်မှာ အစ်မတွေက စောင်တွေ ခေါင်းအုံးတွေ ခြင်ထောင်တွေနှင့် ထမင်းချိုင့်ပါ လာပို့ကြရင်း မဝင်ရသေးလို့ စောင့်နေကြတာတဲ့။ အမေ့ကို လွှတ်လိုက်တာ မြင်တော့ ဝမ်းသာကာ ငိုကြသည်။ အပြန်မှာ အစ်မတွေက ဂတ်တဲဘေးရှိ မြင်းလှည်းဂိတ်က မြင်းလှည်းတစ်စီးငှားကာ ကျွန်တော်တို့ သားအမိနှင့် ဆီပုံးဆီဗျပ်တွေ၊ သူတို့ယူလာသော အထုပ်အပိုးနှင့် ခြင်းတောင်းတွေကို တင်ပြီး သူတို့က စက်ဘီးနှင့် မြင်းလှည်းနောက်က လိုက်၍ အိမ်ပြန်ကြတော့၏။
အိမ်မှာ အမေရောက်တော့ လာမေးကြသူတွေနှင့် လူစုံနေသည်။ သူတို့ အိမ်က မနက်ချက်သော ဟင်းခွက်လေးတွေပင် ပါသေး၏။ တစ်ညတာပေမယ့် နေ့ရက် အချိန်တွေ ဘယ်လောက်မှန်းမသိ ကြာနိုင်ချိန်မို့ အားလုံက ဝမ်းသာနေကြသည်။ တစ်ညလေးခွဲရတာကို သတင်းတွေ စုံလှချည့်။ ကိုကိုစိန်လှိုင်တို့ အလုပ်လုပ်သည့် ဘီလမ်းက ရှပ်ရှင်းခြေနင်းဆိုင်က တရုတ်ဆရာကြီးကို အလုပ်သမားအချို့က လျော်ကြေးတွေ ရုံတိုင်ပြီး တောင်းလို့ ပိုင်ရှင် ဆရာကြီးက အလုပ်သမားတစ်ယောက် တစ်ရာကျပ်စီပေးကာ ခြေနင်းဆိုင်ပါ ပိတ်လိုက်ပြီတဲ့။ ဒီတော့ အဘတို့ အမေတို့လည်း ဆီရောင်းမရတော့။ ကိုကိုစိန်လှိုင်တို့ ခြေနင်းချုပ်လုပ်ငန်းလည်း မရှိတော့။ ဘာလုပ်စားကြမလဲ တဲ့။
ဆူးငှက်
