စက်တင်ဘာ ၁၅၊ ၂၀၂၅
Shy V (VOM)
MNDAA ထိန်းချုပ်နယ်မြေ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ တွေမှာ ယာဉ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ပြုလုပ်ဖို့ နဲ့ ကုန်ကျရမယ့် နှုန်းထားတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က MNDAA လက်အောက်ခံ ရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
“ယာဉ် တွေနဲ့ ပတ်သက်ပြီး လိုင်စင်လုပ်ခိုင်းတာပါ။ ဒေသခံတွေကိုလည်း အကုန် MNDAA မှတ်ပုံတင် လုပ်ခိုင်းပါတယ်။” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။
MNDAA ထိန်းချုပ်ဒေသတွေမှာ ဒေသတွင်း ယာဉ်မောင်းလိုင်စင်တွေကို သတ်မှတ် နှုန်းထားအတိုင်း ယွမ်ငွေနဲ့ ပေးချေ လျှောက်ထားနိုင်ကြောင်း MNDAA က တရုတ်ဘာသာ နဲ့ ကြေညာထားပါတယ်လို့ သူက ပြောပါတယ်။
“ယာဉ်လိုင်စင်တွေလုပ်ရတယ်။ ကား ပေါ်မူတည်ပြီး ကုန်ကျနှုန်းက မတူဘူး။ စပယ်ရှယ် Parker လိုင်စင်လည်း သပ်သပ် ရှိတယ်။ ဈေးကြီးတယ်။ သူတို့ လိုင်စင်မလုပ်ထားရင် သိန္နီ အဝင်တောင် ခက်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
တချို့ ယာဉ်မောင်းတွေကို ဒဏ်ရိုက်တာတွေ၊ ထိုင်ထ လုပ်ခိုင်းပြီး ဒဏ်ပေးတာတွေလည်း ရှိတယ်လို့ သိရပြီး အစိုးရလိုင်စင်ရှိရင်တော့ MNDAA က ထုတ်ပေးတဲ့ လိုင်စင်မရှိလည်း ရတယ်လို့လည်း သိရတယ်လို့ ဆိုပါတယ်။
MNDAA အုပ်ချုပ်မှုအောက် ယာဉ်လိုင်စင်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင် လျှောက်ထားတာတွေကို အဆင်ပြေစေရန် စနစ်အသစ်နဲ့ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ ဒေသခံတွေ အနေတဲ့ MNDAA က ထုတ်ပေးတဲ့ အထူးဒေသ ၁ ဒေသခံ မှတ်ပုံတင် ကတ်ပြားနဲ့ တင်ပြ လျှောက်ယူရမှာဖြစ်ပြီး ဒေသခံမဟုတ်သူများကို ခွင့်မပြုကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့က MNDAA ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဆိုင်ကယ် လိုင်စင်ကြေးကို ယွမ် ၁၂၀ သတ်မှတ်ထားပြီး ယွမ် နှစ်သောင်းအောက်တန် ကားငယ်တွေကို အခွန်ကင်းလွတ်၊ လိုင်စင်ကြေး ယွမ် ၂၂၀ သတ်မှတ်ထားကြောင်းဖော်ပြထားပါတယ်။ ယွမ် နှစ်သောင်း ကနေ ၅ သောင်းတန်ကားတွေကို အခွန် ၁၀၀ ယွမ်နဲ့ လိုင်စင်ကြေး ၅၂၀ ယွမ်၊ ယွမ် ငါးသောင်း ကနေ တသိန်းတန်ကားတွေအတွက် အခွန် ၃၀၀ ယွမ်နဲ့ လိုင်စင်ကြေး ၁၀၂၀ ယွမ် ဖြစ်ပြီး ယွမ် နှစ်သိန်း အထက်တန်ကားတွေကို အခွန် ၃ ရာခိုင်နှုန်း နဲ့ လိုင်စင် ၅၂၀ ယွမ် ကောက်ခံမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ယာဉ်ကြီးများလည်း တန်ဖိုးအလိုက် အခွန်နှုန်းထား သီးခြားသတ်မှတ်ထားပြီး ထွန်စက် လိုင်စင်ကြေးကို ယွမ် ၃၂၀ သတ်မှတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ယာဉ်မောင်းလိုင်စင်တွေအတွက် ကားငယ် ယွမ် ၃၂၀ စာမေးပွဲဖြေဆိုကြေး ပေးဆောင်ရမှာ ဖြစ်ပြီး ယာဉ်ကြီးနဲ့ ထွန်စက် မောင်းလိုင်စင်တွေကို အကဲဖြတ်ခ ယွမ် ၅၂၀ နဲ့ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။
သတ်မှတ်ထားတဲ့ နှုန်းထားတွေကို ပြောင်းလဲခြင်း၊ မြှင့်တင်ခြင်း ဒါမှမဟုတ် လျှော့ချခြင်း မပြုနိုင်ကြောင်းလည်း တိကျစွာ ထုတ်ပြန်ထားပြီး စက်တင်ဘာလ ၂၆ ရက်နေ့ကစ အကောင်အထည် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာတော့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငေွ ကျပ် ၅၈၃ ကျပ် ရှိပြီး ဒီရက်ပိုင်းအတွင်း တရုတ်ယွမ်ငေွ ၁၀၀ ကို မြန်မာငွေ ကျပ် ၅၈၀၀ နဲ့ ၅၉၀၀ ကြားမှာ ရှိနေတာဖြစ်ပါတယ်။
Photo Crd#MNDAA
