ဆိုးလ်၊ စက်တင်ဘာ-၂၇-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယားမှာ ကျင်းပမယ့် အေပက် ထိပ်သီးအစည်းအဝေး ပြင်ပမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ထိပ်သီးဆွေးနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြုံယမ်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးဟာ ၂၀၁၉ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ သမ္မတ ဒေါ်နယ်ထရန့် တို့အကြား ထိပ်သီးဆွေးနွေးပွဲပြီးနောက် ဆက်ဆံရေး ကောင်းမွန်ခဲ့ပေမယ့် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ် မရပ်ဆိုင်းမှုကြောင့် နောက်ပိုင်းမှာ ပြိုလဲခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး မြောက်ကိုရီးယားဟာ နျူကလီးယားနိုင်ငံအဖြစ်သာ ရပ်တည်နေခဲ့ပြီး ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက်မှာ ကင်ဂျုံအန်က အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အရိပ်အမြွတ်ပြသလာသလို အမေရိကန်ကဘက်ကလည်း ဒီဆန္ဒရှိနေတာပါ။
အောက်တိုဘာလနှောင်းပိုင်းမှာ တောင်ကိုရီးယားမှာပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ် ပြင်ပမှာ ဒီလိုဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြေရှိတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
“ဖြစ်နိုင်ချေကို ကျွန်တော်တို့ ပယ်ချလို့ မရပါဘူး” လို့ အလားအလာရှိတဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူမြို့မှာ ကျင်းပမယ့် ဖိုရမ်ကို ဒေါ်နယ်ထရန့် တက်ရောက်မှာဖြစ်ပါတယ်။ အမည်မဖော်လိုသူ အရာရှိကတော့ အမေရိကန်-မြောက်ကိုရီးယား ဆွေးနွေးပွဲကျင်းပမယ့်နေရာ သို့မဟုတ် ဘယ်လို လုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရန့်တို့ဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျွန်မှာ ယခင်ကတွေ့ဆုံးခဲ့ဖူးပါတယ်။ ထရန့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကင်ဂျုံအန်နဲ့ သုံးကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ဟနွိုင်းမှာ ၂၀၁၉ ခုနှစ် ထိပ်သီးအစည်းအဝေးအပြီးမှာ ဆက်ဆံရေး ပြိုလဲခဲ့ပါတယ်။
ဒါပေမယ့်လည်း ယခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ထပ်မံတွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း ထရန့်က သြဂုတ်လမှာ ပြောကြားထားပါတယ်။ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ဖို့ မတောင်းဆိုရင် ဆွေးနွေးနိုင်ခြေရှိတယ်လို့ မြောက်ကိုရီးယားဘက်က ထုတ်ဖော်ပြောကြားထားပါတယ်။
Ref:CNA
Photo:AP
