ဂျကာတာ၊ စက်တင်ဘာ-၂၆
မျိုးဆက်(VOM)
အင်ဒိုနီးရှား စာသင်ကျောင်းတွေမှာ ကလေးငယ်တွေအတွက် အစိုးရရဲ့ အခမဲ့ ကျွေးမွေးရေး အစီအစဉ်ကြောင့် ယခုသီတင်းပတ်အတွင်း ကလေးငယ် ၁၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီအစီအစဉ်ဟာ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုနေတဲ့ အာဟာရပြည့်ဝရေး အစားအစာအစီအစဉ်နဲ့ ဆက်စပ်နေတဲ့ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု ဖြစ်ရပ်တွေထဲက နောက်ဆုံးတခုလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း အစာအဆိပ်သင့်တဲ့ ကလေးငယ်ပေါင်း ၁၀၇၄ ယောက်ရှိတယ်လို့ အနောက်ဂျာဗားပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ဂျာဗားနဲ့ အလယ်ပိုင်းဆူလာဝေစီပြည်နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျောင်းသား ၈၀၀ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် လက်ရှိမှာ ၁၀၀၀ ကျော်ထိ မြင့်တက်လာတာပါ။
သမ္မတ ပရာဘိုဝိုသည် ကျောင်းနေအရွယ်ကလေးငယ် သန်း ၈၀အတွက် နေ့လယ်စာ အခမဲ့ကျွေးမွေးဖို့ ရည်ရွယ်ထားတဲ့ အစားအစာ အစီအစဉ်ကို လုပ်ဆောင်နေပြီး ဒါဟာ သမ္မတဖြစ်လာပြီးနောက် သူ့ရဲ့ ထင်သာမြင်သာ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှု ဖြစ်စဉ်တွေကြောင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ပြီး အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အာဏာပိုင်တွေကို တောင်းဆိုနေပါတယ်။
Ref:BBC
Photo:Getty Images
