စက်တင်ဘာ ၂၈ – ၂၀၂၅
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ရာ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို အဖြစ်များလာတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
နလအတပ်ဟာ AA ထိန်းချုပ်ထားရာ သံတွဲမြို့အပါအဝင် အမ်း၊ ဂွနဲ့ တောင်ကုတ် မြို့နယ်တို့မှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားတာကြောင့် လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဖိအားပေးတာတွေ စတင်လာတာဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
“ဒါကြောင့် ဒေသခံတွေအနေနဲ့ ဒီကာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုသတိထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့ပေါ့။ သူတို့ ရွေးကောက်ပွဲ ကျင်းပချင်နေတဲ့ နေရာတွေပေါ့။ ပိုသတိပြုစေချင်တယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ရှိ ခရိုင် လေးခုက ဝန်ထမ်းတွေ တာဝန် ပြန်ထမ်းဆောင်ဖို့အတွက် ပြင်ဆင်ထားဖို့ ဩဂုတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားထားတဲ့ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
သံတွဲခရိုင်၊ တောင်ကုတ်ခရိုင်၊ ဂွခရိုင်၊ အမ်းခရိုင်တို့က ဝန်ထမ်းတွေအနေနဲ့ တာဝန် ပြန်လည် ထမ်းဆောင်ရမှာဖြစ်ပြီး ကြိုတင်စုဖွဲ့မှုတွေ ပြုလုပ်ထားဖို့ ညွှန်ကြားထားကာ အဲဒီ ခရိုင်တွေဟာ မြေပြင်အနေအထားအရ AA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့တွေ စာရင်းမှာလည်း အဲဒီမြို့နယ်လေးခု ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းကလည်း သံတွဲမြို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ ငါးယောက် ဒဏ်ရ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ ည ၈ နာရီ ၂၇ မိနစ်ဝန်းကျင်မှာ တကြိမ်၊ ည ၈ နာရီ ၃၂ မိနစ်မှာ တကြိမ် သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်နဲ့ ညောင်ပင်ဈေး ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ညောင်ပင်စျေး ရပ်ကွက်က ရွှေဆံတော် အောက်ခြေနဲ့ အမှတ် (၄) ရပ်ကွက်ကို ကျတာ။ ညောင်ပင်စျေး ဆိုတာက ဈေးမဟုတ်ဘူးနော်။ ရပ်ကွက်နာမည်။ မနေ့ကဖြစ်စဉ်မှာ သေဆုံး၊ ဒဏ်ရာရတွေက အမှတ် (၄) ရပ်ကွက်ကပါ။ သေဆုံးတယောက်က နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ ငါးယောက်မှာ သုံးယောက်က အနီရောင်အဆင့်ဖြစ်တယ်။ အရေးပေါ် ကုသနေရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း တကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းဆောင် တဆောင်လုံး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့၊ သရက်တပင်ရွာရှိ စာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့ကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ