မဲစာရင်း ကြည့်ရှု့သူ နည်းပါးနေသေး

စက်တင်ဘာ ၃၀ – ၂၀၂၅
KKO + SN (VOM)
ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားပေမယ့် လာရောက်ကြည့်ရှု့သူ နည်းပါးနေသေးတယ်လို့ စုံစမ်း သိရှိရပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှစလို့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေနဲ့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ်အဖြစ် ကြေညာထားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူ တယောက်က “မနက်က အင်တာနက်သုံးတော့မှ မဲစာရင်းကပ်ထားတဲ့အကြောင်း သိရတာ။ ရပ်ကွက်ထဲမှာတော့ အုပ်ချုပ်ရေးမှူးရုံးက ဘာမှ မကြေညာတော့ မသိကြဘူးလေ။ ကျွန်တော်ကတော့ အင်တာနက်မှာတွေ့လို့ သိတာ။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူးရုံးကို သွားကြည့်ဖြစ်တယ်။ နောက်ထပ် ကျွန်တော့်လို မဲစာရင်းလာကြည့်သူကတော့ တယောက်ပဲ တွေ့ခဲ့တယ်။ ဒီညနေ ၃ နာရီကျော်လောက် ရပ်ကွက်ရုံးဘက် ရောက်ဖြစ်တော့လည်း မဲစာရင်းကြည့်တဲ့သူတွေ မတွေ့ခဲ့ရဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့က တချို့သော မြို့နယ်တွေမှာတော့ မဲစာရင်းနဲ့ ပတ်သက်လို့ မနေ့ စက်တင်ဘာ ၂၉ ရက်၊ ညပိုင်းက ရပ်ကွက်တွေထဲ လိုက်လံ ဆော်သြမှုတွေ ရှိခဲ့ပေမယ့် မြို့နယ်အများစုမှာတော့ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက အသိပေးကြေညာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
“အမှန်က မဲစာရင်း ကပ်ထားမယ်ဆိုတာ ရပ်ကွက်ထဲမှာ ကြေညာပေးဖို့ကောင်းတယ်။ တလမ်းဝင်၊ တလမ်းထွက် လိုက်မကြေညာပေးနိုင်ရင်တောင် ရပ်ကွက်ရုံးကနေ အသံချဲ့စက်နဲ့ တရပ်ကွက်လုံးကြားအောင် ပြောလို့ရတာပဲလေ။ ပြည်သူတွေက တနေ့တနေ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအတွက် လုံးပမ်းနေရတာ။ တခြားဘာကိုမှ အာရုံမထားနိုင်ကြတာ များတယ်။ အခုတော့ ဘာမှ မကြေညာတော့ သိတောင် မသိသေးဘူး” လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
UEC ကတော့ မဲစာရင်းနဲ့ ပတ်သက်လို့ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာကပ်ထား ကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအပိုင်း (၁) ကို ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားဖို့ရှိနေတာပါ။
ဒါအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းမှာလည်း မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) နဲ့ လက်တွေ့စမ်းသပ် မဲပေးမှုတွေကိုလည်း UEC က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။
“UEC က လက်တွေ့ စမ်းသပ်မဲပေးမှုတွေနဲ့ အသိပညာပေးမှု၊ ဒါတွေကို ဆက်တိုက်လုပ်နေတယ်။ တော် တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်။ မဲဆန္ဒရှင် ပြည်သူတွေကလည်း စိတ်ပါ၀င်စားစွာနဲ့ လက်တွေ့စမ်းသပ် မဲပေးမှုတွေမှာ ပါဝင်လာကြတာကိုလည်း တွေ့ရတယ်” လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်က ထပ်လောင်းပြောပါတယ်။
ဒါအပြင် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိဖို့အတွက် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ အိမ်ထောင်စုတစုကို အနည်းဆုံး တယောက် (မပျက်မကွက်) လာရောက် ကြည့်ရှုကြဖို့နဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြဖို့ကိုလည်း UEC က မေတ္တာရပ်ခံထားပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို လာရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ (၃) နဲ့ မဲစာရင်းမှာ အမည် ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်တယ်လို့လည်း UEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးနဲ့ ဆန္ဒမဲ ပေးနိုင်ရေးကို အလေးထား ဆောင်ရွက်နေတယ်လို့လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UEC တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ဒါအပြင် အခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ကပ်ထား ကြေညာမယ်လို့ UEC က ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က မှတ်ပုံတင် ခွင့်ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၆၁ ပါတီ ရှိတဲ့အနက် အခု စက်တင်ဘာလ အတွင်းမှာ ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီ လေးပါတီ ရှိလာတဲ့အတွက် လက်ရှိမှာ မှတ်ပုံတင် ခွင့်ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ အရေ အတွက်က ၅၇ ပါတီသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
Photo – VOM
ပုံစာ – မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)နဲ့ လက်တွေ့စမ်းသပ်မဲပေးနေမှုနှင့် မဲစာရင်း စတင်ကပ်ထားမှုအ​ခြေအ​နေ

Related posts

Leave a Comment

VOM News

FREE
VIEW