စက်တင်ဘာ ၃၀၊ ၂၀၂၅
Shy V (VOM)
နလအ ပြန်လည် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကစ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီကသိရပါတယ်။
“စက်တင်ဘာလ ၂၉ ရက်နေ့ ရပ်ကွက်ရုံးမှာ ပထမ အကြိမ် မဲစာရင်း ကပ်မယ်၊ လာကြည့်လို့ ရပြီလို့ လော်စပီကာနဲ့ လိုက်အော်ပြောတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
၂၉ ရက် ၉ လ ၂၀၁၅ ရက် တနင်္လာနေ့တွင် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီဖြစ်တာကြောင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးကြ စေရေးအတွက် မဲစာရင်းတွေမှာ မိမိ တို့ရဲ့ အမည်စာရင်းတွေ ပါဝင်ခြင်းရှိ မရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေး ကော်မတီရုံးတွေမှာ သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်း နှိုးဆော် ထားတယ် လို့ သူက ပြောပါတယ်။
တကယ်လို့ သိရှိလိုတဲ့ အချက်အလက်တွေ ရှိရင် သက်ဆိုင်ရာ ရပ်ကျေး ကော်မတီ အဖွဲ့တွေဆီ မေးလို့ ရတယ်လို့ လည်းပြောတယ်လို့ ဆိုပါတယ်။
“ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၅ ကြားက အထက ၆ မှာတော့ ပြီးခဲ့တဲ့ တပတ်ကစ မဲထည့်တဲ့ ပုံစံ သင်တန်းလိုမျိုး လုပ်နေတာတော့ တွေ့တယ်။ ရပ်ကွက် ၁ ဘက် သင်တာတော့ မကြားသေးဘူး။” လို့ ဒေသခံ မျိုးသမီး တယောက်က ပြောပါတယ်။
ရပ်ကွက်ရုံးထဲ တကူးတက သွားကြည့်ရတာကြောင့် သွားမကြည့်ဖြစ်သေးလို့ မဲစာရင်း ကပ်ထားလား၊ မကပ်ထားလား မသိဘူးလို့ သူက ပြောပါတယ်။
မူဆယ်မှာတော့ မဲစာရင်း ခု တပတ်ထဲ ကပ်မယ်ထင်တယ်လို့ ဒေသခံ တယောက်ကပြောပါတယ်။
ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၄ နယ် (မိုင်းမော၊ ပန်ဝိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မဘိမ်း၊ မိုးမိတ်၊ မိုင်းလား၊ ကွမ်းလုံ၊ သိန္နီ)၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂ နယ် (ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) နှင့် ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၇ နယ် (ပန်ဆန်း၊ နားဖန်း၊ ဟိုပန် အပါအဝင်) တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
Photo: မန္တလေးက တမ္ပဝတီရပ်မှာ ဒီနေ့ကပ်ထားတဲ့ မဲစာရင်း
