ဂျကာတာ၊ စက်တင်ဘာ-၃၀-၂၀၂၅
မျိုးဆက်(VOM)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှာ မနေ့က ပြိုကျခဲ့တဲ့ ဘာသာရေးကျောင်း အပျက်အစီးတွေအောက်မှာ ကျောင်းသားတွေနဲ့ အလုပ်သမား ဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်း ရှာဖွေကယ်ဆယ်နေကြပါတယ်။
ဒီမတော်တဆမှုကြောင့် လူ သုံးယောက် သေဆုံးပြီး ၉၉ ယောက်ဆေးရုံတင်ထားရကာ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဆယ်ကျော်သက် ယောက်ျားလေး အများစုအပါအဝင် လူ ၃၈ ယောက်ဟာ ဆီဒိုဂျိုရှိ အစ္စလာမ် စာသင်ကျောင်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေ ဆဲဖြစ်ပါတယ်။ အဲဒီကျောင်းကို ဆောက်လုပ်ရေးလုပ်ငန်းတခု ထပ်မံလုပ်နေစဉ် ပြိုကျခဲ့တာဖြစ်ပြီး ဒီအချိန်မှာ နေ့လယ်ပိုင်း ဝတ်ပြုဆုတောင်းနေချိန်ဖြစ်ပါတယ်။
အထပ်နှစ်ထပ် အဆောက်အအုံဟာ နောက်ထပ်ခေါင်မိုးထပ်နှစ်ထပ် တည်ဆောက်ဖို့ အောက်ခြေ ဖောင်ဒေးရှင်းက ဆောက်လုပ်မှုရဲ့ အလေးချိန်ကို ခံနိုင်ရည်မရှိဘူးလို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ပြောပါတယ်။
မိန်းကလေးငယ်တွေကတော့ အဆောက်အအုံရဲ့ အခြားအစိတ်အပိုင်းတခုမှာ ဝတ်ပြုဆုတောင်းနေခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းရှိ ကျောင်းသားတွေဟာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြားဖြစ်ပါတယ်။
ကွန်ကရစ်ချပ်ကြီးတွေ ပြိုကျနေတဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းဟာ လုံးဝပျက်စီး နစ်မြုပ်သွားပါတယ်။ အပျက်အစီးများမှ အော်ဟစ်ငိုယိုသံတွေ ကြားနေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ စိုးရိမ်သောကရောက်နေတဲ့ မိဘဆွေမျိုးတွေကတော့ ကျောင်းအနီးမှာ စောင့်ဆိုင်းနေကြပါတယ်။
ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေနေကြပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်္ဂါနေ့မှာ ယာယီရပ်ဆိုင်းထားပြီး အဆောက်အဦဟာ နောက်ထပ်ပြိုကျနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကရိန်းများနှင့် တူးဖော်ရေးစက်များကဲ့သို့သော အကြီးစားစက်ယန္တရားတွေ အသုံးပြုဖို့လည်း အခက်အခဲရှိနေပီး ကွန်ကရစ်ပြားတွေကို ဖယ်ရှားပြီး ဝင်ပေါက်လုပ်ချိန်မှာ အပျက်အစီးတွေအောက်က ပိတ်မိနေသူတွေကို အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွက ပြောပါတယ်။
